အဆင့်မြင့် နိုင်ငံရေးသိပ္ပံ သင်တန်း NLD စတင်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ဆောင်နေတဲ့ ပါတီဝင်များ အရည်အချင်း မြှင့်တင်ရေး အစီအစဉ် တခု အနေနဲ့ အဆင့်မြင့် နိုင်ငံရေးသိပ္ပံ သင်တန်းကို ဒီကနေ့ စတင်လိုက်ပြီး တောင်ကိုရီးယား နိုင်ငံ အီဝါ အမျိုးသမီး တက္ကသိုလ်က ပါမောက္ခ နှစ်ဦးက ပို့ချပေး ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ဆောင်နေတဲ့ ပါတီဝင်များ အရည်အချင်း မြှင့်တင်ရေး အစီအစဉ်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ အီဝါ အမျိုးသမီး တက္ကသိုလ် (Ewha Woman’s University) က ပါမောက္ခ ၂ ဦးက တပတ်ကြာ လာရောက် ပို့ချသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ဆောင်နေတဲ့ ပါတီဝင်များ အရည်အချင်း မြှင့်တင်ရေး အစီအစဉ်မှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ အီဝါ အမျိုးသမီး တက္ကသိုလ် (Ewha Woman’s University) က ပါမောက္ခ ၂ ဦးက တပတ်ကြာ လာရောက် ပို့ချသည်။ (NLD)

ဇူလိုင်လ ၂၂ ရက်နေ့ကနေ ဇူလိုင်လ ၂၈ ရက်နေ့ အထိ ပါမောက္ခ ဒေါက်တာ ဘရန်ဒန် ဟိုဝဲလ် နဲ့ ဒေါက်တာ မက်သီရပ်စ် မားစ် တို့က ပိတ်ရက် မရှိ ပို့ချသွားမယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ သင်တန်းကို ပြည်နယ်နဲ့ တိုင်းတခုစီက သင်တန်းသား လေးယောက်စီ် တက်ရောက်ကြပြီး ဗေဒါ အခမဲ့ အဆင့်မြင့် ပညာသင်တန်းကျောင်းက သင်တန်းသား ၂၀ လည်း တက်ရောက်တဲ့ အပြင် တခြား မိတ်ဖက် ပါတီတွေက သင်တန်းသားတွေလည်း တက်ရောက် ပါတယ်။ စုစုပေါင်း သင်တန်းသား ၇၈ ဦး ရှိတယ်လို့ ဆိုပါတယ်။ မနက်နဲ့ ညနေ တနေ့ နှစ်ချိန် သင်တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ "ဒေါက်တာ ဘရန်ဒန် ဟိုဝဲလ်က မနက် ၉ နာရီကနေ ၁၂ နာရီ အထိ စပြီး ပို့ချပါတယ်။ Human Security and State Security ခေါ် လူသားမျိုးနွယ် လုံခြုံရေးနဲ့ နိုင်ငံတော် လုံခြုံရေး အဲဒီ ဘာသာရပ်တွေ၊ သူရဲ့ အလားအလာများကို ပို့ချပါတယ်။ ညနေပိုင်းမှာ ဒေါက်တာ မက်သီရပ်စ် မားစ်က Introdution to International Relation နိုင်ငံတကာ ဆက်ဆံရေး မိတ်ဆက် ဘာသာရပ်ကို ပို့ချပါတယ်။" ပို့ချသူကပဲ ဟောပြော သင်ကြားနေတာမျိုး မဟုတ်ဘဲ အပြန်အလှန် ဆွေးနွေးတဲ့ ပုံစံနဲ့ ပို့ချတာမို့ သင်တန်းသားတွေ စိတ်ပါဝင်စားကြပြီး အပြန်အလှန် မေးမြန်း ဆွေးနွေးကြ ပါတယ်။ လာမည့် အင်္ဂါနေ့မှာ ဒီကနေ့ မနက ်ပို့ချတဲ့ လူသားနဲ့ နိုင်ငံတော် လုံခြုံရေးရဲ့ ဘာသာရပ်ခွဲ တခု အဖြစ် Art of Negotiation တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်း နည်းပညာ ပို့ချပါမယ်။ သင်တန်းသားတွေဟာ အုပ်စုငယ်လေးတွေ ခွဲပြီး သုံးသပ်ချက်တွေနဲ့ စာတမ်းတွေ ပြုစုကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပို့ချတာမို့ သင်ကြားမှု ပိုမို အထောက်အကူ ဖြစ်အောင် မနက်ပိုင်းမှာ NLD ဗဟို အလုပ်အမှူဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ဘာသာပြန်ပေးပြီး ညနေပိုင်းမှာ ဗေဒါသင်တန်းကျောင်းက ကိုမျိုးရန်မောင်သိန်းက ဘာသာပြန်ပေးပါတယ်။ သင်တန်းမှူး အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဆောင်ရွက်တယ်လို့ သိရပါတယ်။