ပြည်နယ်လူငယ်ညီလာခံ ကျင်းပ


2018.03.17
nld-youth-conference-kachin-622.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ကချင်ပြည်နယ် လူငယ်ညီလာခံကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက်နေ့က ကျင်းပစဉ်
Photo: Kyaw Myo Min/RFA

ငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသား လူမျိုး၊ ပါတီ စတဲ့ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လူငယ်တွေကို ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။

မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ကချင်ပြည်နယ် လူငယ်ညီလာခံ အဖွင့်မိန့်ခွန်းမှာ ဒေါက်တာခက်အောင်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

"အခု ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေးရဖို့ဆိုရင် မတူကွဲပြားတဲ့ဟာတွေကို မိမိပါတီ၊ မိမိ တိုင်းရင်းသား လူမျိုးများ မတူကွဲပြားတာကို အရင်ထားလိုက်၊ ဘေးကိုနည်းနည်းဖယ်ထားလိုက်။ ငြိမ်းချမ်းရေးရဖို့ဆိုရင် အကုန်လုံး သဘောတူညီရမယ်။ စည်းစည်းလုံးလုံး ရှိရမယ်။ ငြိမ်းချမ်းရေးရပြီ ဆိုတဲ့အခါကျမှ မတူကွဲပြားတဲ့ဟာတွေကို ပြန်ပြီးဖြေရှင်းရင် ပိုကောင်းတယ်လို့ ကျနော့်အနေနဲ့ ဒီလိုမြင်တယ်။ လူတစ်ဦးချင်း တစ်ဦးချင်းစီရဲ့ စိတ်သဘော ထားကတော့ မတူကြဘူးပေါ့လေ။ မတူပေမဲ့ အားလုံး တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုရင် သဘောတူရမယ်။ ဒီလိုစိတ်ဓါတ်မျိုးကို ကျနော်တို့ NLD လူငယ်တွေရဲ့ စိတ်ဓါတ်ထဲမှာ မွေးမြူထားရမယ်"

ဒါ့အပြင် အရက်သေစာ၊ မူးယစ်ဆေးဝါး သောက်စားသုံးစွဲမှုနဲ့ လောင်းကစားကိစ္စတွေကို ရှောင်ကြဉ်ကြဖို့ အကျင့်စာရိတ္တကောင်းမွန်မှုကို အခြေခံပြီး ကြိုးစားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့ ပြည်နယ်ညီလာခံကို တက်ရောက်လာတဲ့ မြို့နယ် ၁၈ မြို့နယ်က လူငယ်ကိုယ်စားလှယ် ၈၅ ယောက်ရှိ ပါတယ်။ အဲဒီအထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် လူငယ်လုပ်ငန်းအဖွဲ့ ၁၉ ဦးနဲ့ အရန် ၈ ဦး စုစုပေါင်း ၂၇ ယောက်ကို ရွေးချယ်မှာဖြစ်ပါတယ်။ ဒါ့အပြင် မကြာမီကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံ ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ် ၁၇ ယောက်ကိုလည်း ရွေးချယ်မှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို လာမယ့် ဧပြီလ အတွင်း ကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။