နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ကြိုးပမ်းမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
NLD ပါတီရဲ့ ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလ တတိယအကြိမ်အစည်းအဝေးကို ဇန်နဝါရီလ ၆ ရက်မှာ ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးက နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး အပါအဝင် အချက် ရှစ်ချက်ကို ဆုံးဖြတ်ခဲ့တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။
"မတရားဖမ်းဆီးခံရတဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးကြဖို့ပေါ့။ နောက်တစ်ခုက ဖက်ဒရယ်ယူနစ်တွေ မှာ ကြားကာလအစီအမံပေါ်ပေါက်ဖို့အတွက် အင်အားစုတွေအားလုံးနဲ့ ပူးပေါင်း အကောင်အထည်ဖော်တဲ့လုပ်ငန်းတွေမှာ အဖွဲ့ပါတီဝင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ပါ"
တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့နဲ့ နိုင်ငံရေးအင်အားစုတွေကြားမှာ နားလည်မှု၊ စည်းလုံးမှုနဲ့ ဘုံရန်သူကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေလည်း ပါဝင်တယ်လို့ ဦးကျော်ထွေးက ပြောပါတယ်။
NLD ပါတီ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ၁၄၀ နဲ့ ပါတီဝင် ၁၈၉၀ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးနဲ့ ပါတီဝင် ၆၁၉ ဦးသာ ပြန်လွတ်မြောက်လာသေးတယ်လို့ ထုတ်ပြန်ပါတယ်။
ဒီအပြင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနဲ့ ပါတီဝင် တစ်ရာ အသတ်ခံခဲ့ရတယ် လို့လည်း ဆိုပါတယ်။