သောက်သုံးရေ ပြတ်လပ်ဒေသ NLD က ရေဖြန့်ဝေပေး

နွေကာလ အပူရှိန်မြင့်လို့ သောက်သုံးရေ ပြတ်လပ်နေတဲ့ မြောင်းမြမြို့နယ် အနောက်ဘက်က ကျေးရွာ ၁၂ ရွာလောက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ရေလိုက်လံ ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။

2012.05.04

ဒေသခံ ရွာသားတွေဟာ တောင်ယာ၊ ဥယျာဉ်လုပ်ကိုင်ကြတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ကြလို့ အဝီစိတွင်းတူးဖို့ မတတ်နိုင်ကြဘဲ သောက်ရေတစ်အိုးရဖို့ တစ်မိုင်ခွဲလောက်ဝေးတဲ့ နေရာအထိ လမ်းလျှောက်ပြီး ရေသွားခပ်နေရတယ်လို့ ရွာသားတွေကို ရေလိုက်ဝေနေသူတစ်ဦးဖြစ်တဲ့ မြောင်းမြ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးမြင့်လွင်က ပြောပါတယ်။

“ သူတို့ အင်မတန်ဒုက္ခ ရောက်ပါတယ်။ ကျွန်တော်တို့ သွားဝေတဲ့ ပျဉ်းကတိုးကုန်းတို့၊ ဘာတို့ဆိုတာက တောင်ကုန်းလေးတွေမှာ ရှိတဲ့အခါကျတော့ မြစ်နဲ့ ချောင်းနဲ့လည်း ဝေးတယ်။ ရေတွင်းတူးလို့လည်း မရဘူး။ စက်ရေတွင်းတူးမှ ရနိုင်တယ်။ စက်ရေတွင်းတူးရင်လည်း ပေ ၁၈၀ လောက် တူးရတယ်ဆိုတော့ သူတို့အနေနဲ့က မတတ်နိုင်ကြဘူး"

မြောင်းမြ NLD အဖွဲ့ဝင်တွေဟာ ရေ ၅၂ ဂါလံဝင် ပေပါလေးလုံးလောက် တင်နိုင်တဲ့ ထော်လာဂျီတစ်စီးနဲ့ ရေပြတ်လပ်နေတဲ့ ရွာတွေကို သောက်ရေလိုက်ဝေနေတာပါ။ သုံးရေအတွက် ဒေသခံရွာသားတွေဟာ လျှိုမြောင်တွေ၊ ကွမ်းခြံစိုက်တဲ့ နေရာတွေမှာ လက်ယက်တွင်းတူးပြီး ရေရအောင် လုပ်နေကြရတယ်လို့ သိရပါတယ်။

သွားလာရေး ခက်ခဲတဲ့ ရေပြာစမ်းကျေးရွာကိုတော့ မြောင်းမြမြို့ပေါ်က အလှူရှင်တွေရဲ့ အကူအညီနဲ့ လာမယ့် ၆ ရက်နေ့မှာ အဝီစိတွင်း တူးပေးဖို့ စီစဉ်ထားကြောင်း၊ အခုလို မြောင်းမြမြို့နယ်ထဲက သောက်ရေပြတ်လပ်တဲ့ ရွာတွေကို ရေဝေတာ NLD အဖွဲ့အပြင် တခြားကူညီမယ့်သူ မရှိသေးဘူးလို့လည်း ဦးမြင့်လွင်က ပြောပါတယ်။

မြောင်းမြမြို့ပေါ် ဂုန်နီစက်ရုံ အနီးဝန်းကျင် ရပ်ကွက် ၈ ရပ်ကွက်မှာလည်း သောက်သုံးရေ ရှားပါးနေတဲ့ ပြဿနာနဲ့ ကြုံနေကြရပါတယ်။ အရင်ဂုန်နီစက်ရုံ လည်ပတ်နေစဉ်ကတော့ နွေအခါ ရေပြတ်ရင် ဂုန်နီစက်ရုံက ရေဝေလေ့ရှိပေမယ့် အခုတော့ ဂုန်နီစက်ရုံက ပိတ်သွားလို့ ရေအခက်အခဲ တွေ့နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။