အခက်အခဲတွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ကြောင်း သူရဦးတင်ဦး ပြော


2016.03.27
thura-tinoo-620.jpg ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo : Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းအတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေဟာ ကြီးမားတဲ့ရင်ဆိုင်မှုတွေနဲ့ ကြုံရဦးမှာဖြစ်ကြောင်း NLD နာယက သူရဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားမှာ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြောကြားခဲ့ တာဖြစ်ပါတယ်။

"တကယ်အလေးအနက်ထားပြီးတော့ ဆောင်ရွက်စရာကိစ္စတွေက သက်ဆိုင်ရာဖွဲ့စည်းထားသော အဖွဲ့အစည်းများနဲ့ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ရော၊ ကျန်တဲ့ တိုင်းရင်းသားထဲက ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်တွေနဲ့ရော (သူက) မအားမလပ် တစိုက်မတ်မတ်ပြုရင်းနဲ့ အပြောင်းအလဲ အလုပ်လုပ်တာဖြစ်ပါတယ်၊ ဆောင်ရွက်လာတဲ့ကိစ္စတွေ အားလုံးရဲ့အပေါ်မှာ ပြည်သူ လူထုတွေအပိုင်းမှာလည်း သုံးတက်တဲ့အပိုင်းတွေ အများကြီးပါရဦးမှာ ဖြစ်တဲ့အတွက် ရှေ့ဆက် ပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စသည် ကြီးမားသောရင်ဆိုင်မှုကို ဆောင်ရွက်ရမှာဖြစ်တယ်"

ဒါ့အပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တပ်မတော်အနေနဲ့ ပြည်သူလူထုနဲ့ အတူတကွ ပူးပေါင်းပါဝင်ဖို့ ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်တဲ့ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

NLD ပါတီ ရုံးချုပ်မှာ ဒီနေ့ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။