တနင်္သာရီတိုင်းဝန်ကြီးချုပ်ကိစ္စ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေး
2019.02.10
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် အဂတိလိုက်စားမှု ရှိ မရှိနဲ့ပတ်သက်ပြီး တိုင်ကြားသူတွေနဲ့ တိုင်စာပါ သက်ဆိုင်သူတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက စစ်ဆေးနေဆဲဖြစ်တဲ့အတွက် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း RFA ကို ပြောပါတယ်။
ကော်မရှင်ရဲ့ ခေါ်ယူမေးမြန်းခံရတဲ့ ဒေသခံတွေ၊ တိုင်ကြားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ ကော်မရှင်အဖွဲ့ဝင်တွေဟာ ထားဝယ်မြို့ကို ရောက်ရှိနေတာ လေးရက်ရှိပြီလို့ သိရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ဟာ တူမဖြစ်သူကို ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်တာ၊ တူမရဲ့ ခင်ပွန်း မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးတာ၊ ထားဝယ် လေယာဉ်ကွင်း ချုံရှင်းလင်းခအဖြစ် ကျပ်သိန်း ၄,၀၀၀ အသုံးပြုတာ စတဲ့ကိစ္စတွေဟာ အဂတိလိုက်စားမှုတွေ ဖြစ်တယ်ဆိုပြီး ဒေသခံတွေ၊ တိုင်းလွှတ်တော် အကြီးအကဲနဲ့ ကိုယ်စားလှယ်တွေကလည်း တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ စစ်ဆေးတေ့ွရှိချက်တွေနဲ့ပတ်သက်လို့ ထုတ်ပြန်မယ့်နေ့ရက်ကို အတိအကျပြောဆိုနိုင်ခြင်း မရှိသေးသလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကလည်း ဘယ်လိုစစ်ဆေး အရေးယူသွားမယ်ဆိုတာကို ဖြေကြားခြင်း မရှိပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။