ကချင်ပြည်နယ် လူသတ်မှုတရားခံ အမြန်ဖော်ပေးဖို့ NLD တောင်းဆို
2015.01.26

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကချင်တိုင်းရင်းသူ ဆရာမနှစ်ယောက် အသတ်ခံလိုက်ရတာကို အစိုးရက တရားခံတွေ အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တိုင်းရင်းသားရေးရာကော်မတီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဆရာမလေးနှစ်ယောက် အသတ်ခံလိုက်ရတာဟာ လက်ခံနိုင်စရာအကြောင်းမရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလိုထုတ်ပြန်လိုက်တာလို့ NLD ရဲ့ တိုင်းရင်းသားရေးရာကော်မတီကအဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
"တချို့ကလည်း တပ်မတော်ရဲ့လက်ချက်ဖြစ်တယ်၊ တချို့ကလည်း အခြားတိုင်းရင်းသားတွေရဲ့လက်ချက်ဖြစ်တယ် အဲ့လိုပြောနေကြတဲ့ဥစ္စာတွေ ကောလာဟလတွေပါ၊ ဒီအသတ်ခံရတဲ့ ဆရာမလေးများကို လူသတ်မှုကျူးလွန်လိုက်တဲ့ လူသတ်တရားခံကို အမြန်ဆုံးဖော်ထုတ်ပြီးတော့ အရေးယူပေးဖို့ပါ၊ ဒီလူသတ်တရားခံဟာ အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် ဒီဥစ္စာဟာ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး၊ မြန်မြန်ဆောင်ရွက်ပေးပါဆိုပြီး တိုက်တွန်းတဲ့နှိုးဆော်စာ"
အဲဒီဆရာမလေးတွေဟာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် KBC ရဲ့ တာဝန်ပေးချက်အရ ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေက ကလေးတွေကို စာသင်ပေးနေကြတာပါ။
လတ်ရှိကာလမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေးအတွက် အနှောင့်အယှက်ဖြစ်စေတာမို့ မလိုလားတဲ့ပဋိပက္ခတွေ ထပ်မံမဖြစ်ဖို့ အစိုးရအနေနဲ့ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း ကြေညာချက်မှာပါရှိပါတယ်။