မတရားဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့ ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ NLD ထုတ်ပြန်
2022.12.31

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကန့်ကွက်လိုက်ပြီး မတရားတဲ့ဥပဒေတွေ ချမှတ်နေတဲ့ စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်သွားမယ်လို့ ဒီဇင်ဘာ ၃၁ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ တရားသူကြီးဟာ ဥပဒေကို လေးစားလိုက်နာခြင်းမရှိဘူးလို့ ဆိုပါတယ်။ NLD အနေနဲ့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့၊ အာဏာရှင်စနစ် ဖယ်ရှားဖို့နဲ့ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ ပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးကျန်ရှိနေတဲ့ အဂတိမှု ၅ မှုအတွက် ဒီဇင်ဘာ ၃၀ ရက် သောကြာနေ့က ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်ခံရပြီး စစ်ကောင်စီက စွဲဆိုထားတဲ့ စုစုပေါင်း အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံရဖို့ ရှိနေပါတယ်။
ဒီအမှုတွေထဲမှာ အဂတိမှု၊ ဆက်သွယ်ရေးဥပဒေ၊ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု၊ လျှို့ဝှက်ချက်ပေါက်ကြားမှု၊ ဆူပူအောင် လှုံ့ဆော်မှုတွေ ပါဝင်ပါတယ်။