လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် လူထုရဲ့ စီးပွားရေး၊ လူမှုရေးတွေ ပြန်လည်ပြုပြင်ရေးမှာ ဒီမိုကရေစီမူတွေနဲ့အညီ အမြန်ဆုံး စတင်ဆောင်ရွက်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် မဲအရေအတွက် ကြေညာချက်ကို စောင့်မျှော်နေကြသော ပရိသတ်ကို တွေ့ရစဉ်။
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် မဲအရေအတွက် ကြေညာချက်ကို စောင့်မျှော်နေကြသော ပရိသတ်ကို တွေ့ရစဉ်။ (RFA)

ဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သိန်းတရာ မ-တည်ပြီး ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်မှာ စတင်မှာ ဖြစ်ပေမယ့် တပြည်လုံးမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။ NLD အနေနဲ့အရင်က ပြောဆိုထားတဲ့အတိုင်း ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ ဒီနေ့ကြေညာချက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့တဲ့ ပြည်သူလူထု အပါအဝင်၊ နိုင်ငံတော်သမ္မတ၊ ပါတီတွေနဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာသမားတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း NLD က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲတုန်းက အဖြစ်အပျက်တွေကို ပြန်လှန် သုံးသပ်သလို၊ နောင်လာမယ့် ရွေးကောက်ပွဲတွေ အတွက် ပြုပြင်စရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ မိတ္ထီလာ မဲဆန္ဒနယ်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။ အခု အနိုင်ရလိုက်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီလကုန်ပိုင်းလောက်မှာ လွှတ်တော်အစည်းဝေးတွေ စတင် တက်ရောက် နိုင်တော့မယ်လို့လည်း သိရပါတယ်။ ဦးဉာဏ်ဝင်းကို ဦးနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

0:00 / 0:00