အမေ့အိမ် စာသင်ကျောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှောက်ယှက်

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ လူငယ်ကွန်ရက် အဖွဲ့တွေ အသစ်ထပ်ဖွင့်လိုက်တဲ့ ‘အမေ့အိမ်’ စာသင် ကျောင်းက ကျောင်းသားတွေကို ဒေသခံ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ တာဝန်ခံတွေက ပစ္စည်းနဲ့ မက်လုံးပေး စည်းရုံးနေသလို ကျောင်းသားမိဘတွေကိုလည်း ခြိမ်းခြောက်နေတယ်လို့ စုံစမ်း သိရှိရပါတယ်။

2011.07.09

ဒီကျောင်းကို ဇွန်လ ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး သူငယ်တန်းကနေ ၇ တန်းအထိ ကျောင်းသား စုစုပေါင်း ၁ ရာကျော်ကို သင်ကြားပေးနေတာပါ။ ဒါပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့က အမေ့အိမ်ကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေကို မက်လုံးပေး စည်းရုံးသလို၊ အမေ့အိမ်ကျောင်းမှာ ဆက်တက်ရင် စာမေးပွဲ ကျလိမ့်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်လို့ အဲဒီကျောင်းမှာ စာသင်ပေးနေတဲ့ NLD လူငယ်ကွန်ရက် အဖွဲ့ဝင် ဆရာမ မမိမိအေးက RFA ကို ပြောပြပါတယ်။

“သူတို့ စည်းရုံးလို့ရတဲ့ ကျောင်းသား အယောက် ၃ဝ ကျော်ကို ထမင်းချိုင့်တွေ လွယ်အိတ်တွေ၊ အဲဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးက အုပ်ချုပ်ရေးမှူး ဦးလှအောင်နဲ့ အဖွဲ့ဝင် မခင်လေးနွယ်က လိုက်ပြီး ပေးတယ်။ နောက် သူတို့က မိဘတွေကိုရော ကျောင်းသားတွေရော အမေ့အိမ်မှာ တက်လို့ရှိရင် မင်းတို့ စာမေးပွဲကျမယ်၊ ဆရာမတွေ ပြောပြီးပြီ ဘာညာဆိုပြီးတော့ ခြိမ်းခြောက်နေတယ်။ ကျန်တဲ့ ကျောင်းသားတွေကိုလည်း ထွက်ပါပေ့ါ၊ အမေ့အိမ်ကျောင်းမှာ သွားမတက်ပါနဲ့ပေ့ါ”

အခုလို ခြိမ်းခြောက်နှောက်ယှက်တာတွေကို ဇွန်လ ၂၉ ရက်နေ့ ကတည်းကစပြီး လုပ်ဆောင်နေတာ လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ‘အမေ့အိမ်’ ကျောင်းတွေကို တည်ထောင် ကူညီပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုဖြိုးမင်းသိမ်းက ပညာရေးဆိုတာ နိုင်ငံ့အနာဂတ် ကောင်းရာကောင်းကျိုး ဖြစ်အောင် တဘက်တလမ်းက ကူညီတာဖြစ်လို့ အခုလို နှောက်ယှက်တာမျိုး မလုပ်သင့်ဘူးလို့ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

“... ‘အမေ့အိမ်’ ကျောင်းတွေနဲ့ ပတ်သက်ပြီး နေရာအတော်များများမှာ ပြဿနာတွေ ပေါ်တယ်။ ကျနော်တို့ လှိုင်သာယာကျောင်း စလုပ်ခဲ့တုန်းကလည်း ပေါ်တယ်။ ဒါပေမယ့် ဒါတွေဟာ အစိုးရ တရပ်လုံးကနေ ပေါ်လစီတရပ်အနေနဲ့ ကျနော်တို့ကို ဒီဟာတွေ မလုပ်ရဘူးလို့ ကန့်သတ်ထားတာတော့ မဟုတ်ဘူး။ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးယန္တယားတွေက ဒီလိုမျိုးလုပ်ရင် သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တယားအတွက် အခက်အခဲ အနှောက်အယှက်များ ဖြစ်မလားဆိုပြီး စိုးရိမ်ပူပန်မှုနဲ့ လိုက် နှိပ်ကွပ်နေတာမျိုးတွေ ဖြစ်နေတယ်။ ဒါပေမယ့် တကယ်လက်တွေ့ ဆောင်ရွက်လို့ရတဲ့ မြို့နယ်တွေလည်း ရှိနေတယ်။ ဒီဆောင်ရွက်မှုဟာ လည်း တိုင်းပြည်အတွက် အကျိုး ဖြစ်ထွန်းနိုင်တယ် ဆိုတဲ့ အခြေအနေကို တချို့ နားလည် သဘောပေါက်နေတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ ရှိတယ်”

ကလေးတွေ ပညာရေး အထောက်အကူအတွက် NLD လူငယ်နဲ့ ပြင်ပ လူငယ်ကွန်ရက် အဖွဲ့တွေက ရန်ကုန်တိုင်းအတွင်းမှာ ‘အမေ့အိမ်’ ဆိုတဲ့ အမည်နဲ့ အခမဲ့ ကျောင်းတွေ ဖွင့်ပြီး ကူညီနေတာ ကျောင်း ၁ဝ ကျောင်းကျော် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။