NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်လေ့လာရေးသွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ ဗဟိုကော်မတီဝင် ၁၉ ယောက်ဟာ တရုတ်နိုင်ငံကို လေ့လာရေးခရီးအဖြစ် ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ပြီး ဒီကနေ့ အန်အယ်လ်ဒီရုံးချုပ်မှာ နာယက ဦးတင်ဦးက ကိုယ်စားလှယ်အဖွဲ့ကို မှာကြားခဲ့ ပါတယ်။

NLD ပါတီနာယက ဦးတင်ဦး က တရုတ်နိုင်ငံကို လေ့လာရေးသွားမယ့် ကိုယ်စားလှယ်အဖွဲ့ကို ဇန်နဝါရီလ ၈ ရက်နေ့က NLD ရုံးချုပ်မှာခေါ်ယူတွေ့ဆုံစဉ် Photo: Daw Aye Aye Mu/ Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ ဗဟိုကော်မတီဝင် ၁၉ ယောက် ဟာ တရုတ်နိုင်ငံကို လေ့လာရေးခရီးအဖြစ် ၁၀ ရက်ကြာသွားရောက်မှာဖြစ်ပြီး ဒီကနေ့ အန်အယ်လ်ဒီရုံးချုပ်မှာ နာယက ဦးတင်ဦး က ကိုယ်စားလှယ်အဖွဲ့ကို မှာကြားခဲ့ပါတယ်။

ရန်ကုန်မြို့က ပါတီရုံးချုပ်မှာ ဒီကနေ့ ခေါ်ယူတွေ့ဆုံပြီး မှာကြားခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ က ပြောပါတယ်။

"စိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေ၊ လူဦးရေ ဒီလောက်များတဲ့ တရုတ်ပြည်မှာ လောက်ငှအောင် ဆန်စပါးတွေ ဘယ်လိုထုတ်လုပ်ခဲ့တယ် ဆိုတာလေးတွေ၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးပေါ့နော်၊ သူတို့မှာ ဥပဒေ ကောင်းတွေရှိတယ်၊ ဒါကို လက်တွေ့ကျကျ ဘယ်လိုအသုံးပြုခဲ့တယ်ဆိုတာလေးတွေ၊ ဆင်းရဲမှုလျှော့ချရေးကို သူတို့ ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာတွေကို ကျမတို့မေးဖို့လိုတဲ့အကြောင်း ဘဘဦးတင်ဦးနဲ့ ဘဘ ဦးဉာဏ်ဝင်း တစ်လှည့်စီမှာတယ်"

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်မှာဖြစ်ပြီး ယူနန်၊ ပေကျင်း၊ ကူမင်း စတဲ့နေရာတွေကို သွားရောက်မှာဖြစ်သလို ပြည်နယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုလည်း လေ့လာသွားမှာ ဖြစ်တယ်လို့ ဒေါ်အေးအေးမူ က ပြောပါတယ်။

ခရီးစဉ်ကို မနက်ဖြန် ဇန်နဝါရီလ ၉ ရက်နေ့စတင်မှာဖြစ်ပြီး ၁၈ ရက်နေ့အထိ ၁၀ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org