NLD အလံနဲ့သင်္ကေတ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ ကန့်ကွက်

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တင်ပြထားတဲ့ ပါတီအလံနဲ့ သင်္ကေတတို့ဟာ မိမိတို့ပါတီအလံ၊ သင်္ကေတတွေနဲ့ ဆင်တူယိုးမှား ဖြစ်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ ဒီဇင်ဘာ ၂၈ ရက်က ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့သိရပါတယ်။

အခုလို ကန့်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး ကြေညာချက် တစ်စောင်ကို ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ကန့်ကွက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီဥက္ကဋ္ဌ ဦးရဲထွန်းက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ မှတ်ပုံတင်ထားတဲ့ ပါတီရဲ့အလံနဲ့ သင်္ကေတက အနီရောင်အောက်ခံမှာ အဝါရောင် ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ ၁၄ လုံးတို့ ပါရှိတယ်။ အလံ၏အလယ်တွင် အားမာန်အပြည့်ဖြင့် ခုန်ခွပ်တော့မည့် ခွပ်ဒေါင်းပုံတွင် ခွပ်ဒေါင်း၏အောက်နှင့် အထက်တို့တွင် အရွယ်တူ ကြယ်ဖြူ ၁၄ လုံးစီကို အတန်းလိုက် ဖော်ကျူးထားသည်။ အဲဒီလို ပါရှိပါတယ်။ အခု အဲဒါနဲ့ ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အလံနဲ့ ပါတီသင်္ကေတက ကျွန်တော်တို့ မှတ်ပုံတင်ပြီးသား ပါတီအလံ သင်္ကေတနဲ့ ဆင်တူယိုးမှား ဖြစ်နေတယ်။ တော်တော်လေး တူတာ မဟုတ်ဘူး။ ခွပ်ဒေါင်းသင်္ကေတပုံ ပါတယ်ဗျာ။ နောက် ကြယ် ပါတယ်ဗျာ။ ကျွန်တော်တို့ကလည်း ခွပ်ဒေါင်းသင်္ကေတ ပါတယ်။ ကြယ် ပါတယ်ဗျာ။ ပြီးတော့ ဟန်ပန်အမူအရာနဲ့ သုံးထားတဲ့ အရောင်ချင်းပေါ့ဗျာ။ အနီရောင်အောက်ခံနဲ့ အဝါရောင် သုံးတာကအစ အကုန်လုံး တူနေတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ ပုဒ်မ ၁၄ (ခ) နဲ့အညီ ကန့်ကွက်တာ ဖြစ်ပါတယ်”

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီရဲ့ကန့်ကွက်ချက်နဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တုံံ့ပြန်ချက်ကို မေးမြန်းရာမှာ ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က အခုလို ဖြေကြားပါတယ်။

“ကော်မရှင်က တစ်စုံတစ်ရာ ဖြေရှင်းဖို့ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ဆီကို အကြောင်းကြားမှာပေါ့။ အခုထိတော့ ကော်မရှင်က တစ်စုံတစ်ရာ အကြောင်းကြားတယ်လို့ ကျွန်တော်တို့ မသိသေးပါဘူး။ အဲဒါကြောင့် ကျွန်တော် ဘာမှ ပြောစရာ မရှိပါဘူး”

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီဥက္ကဋ္ဌ ဦးရဲထွန်းကတော့ ဒီဇင်ဘာလ ၂၄ ရက် နိုင်ငံပိုင် သတင်းစာများမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့အင်န်အယ်လ်ဒီ ပါတီ သင်္ကေတနဲ့ ပတ်သက်လို့ ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ကြေညာချက်ကြောင့် အခုလို ကန့်ကွက်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။ အခုလို ဆင်တူယိုးမှားဖြစ်တဲ့အတွက် ပါတီအသီးသီးကို ထောက်ခံသူများအနေနဲ့ မှားယွင်း ထောက်ခံတာတွေ ဖြစ်နို်င်တယ်လို့လည်း ဦးရဲထွန်းက ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org