NLD ပါတီဝင်ဟောင်းများ စုစည်းပြီး ပါတီသစ် ဖွဲ့စည်း


2014.09.27

အမျိုးသား ဒီမိုကရေစီအဖွ့ဲချုပ် ပါတီဝင်ဟောင်းတွေ စုစည်းပြီးတော့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ကို ရန်ကုန်မြို့ ယုဒဿန်ခမ်းမမှာ ဒီနေ့ အစည်းအဝေးကျင်းပပြီး ဖွဲ့စည်းလိုက်ပါတယ်။

အဲ့ဒီပါတီမှာ နာယကအဖြစ် ဦးဆောင်မယ့် ဦးစောနိုင်းနိုင်းက အဖွဲ့ဖွဲ့လိုက်တာနဲ့ ပတ်သက်ပြီး RFA ကို ပြောပါတယ်။

"ကျနော်တို့ အခုဖွဲ့တာက အမျိုးသား ဒီမိုကရေစီအဖွ့ဲချုပ် ပြင်ပရောက်နေတဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ စုစည်းတယ်၊ ရှေ့လျှောက်ကို ပါတီနိုင်ငံရေးမှာ ဘာတွေလုပ်သင့်လဲ၊ ဘယ်နည်းဘယ်ပုံစံ ပူးပေါင်းဆောင်ရွက်မလဲ၊ မကြာခင် ကျနော်တို့ နောက်ထပ်တိုးချဲ့ပြီးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးပါတီလုပ်မလား၊ ဒါမှမဟုတ် လွှတ်တော်ပြင်ပကနေ နိုင်ငံရေးပါတီမဟုတ်ဘဲနဲ့ လုပ်မလား ဒါကိုကျနော်တို့ ဆုံးဖြတ်ကြတယ်"

အဲဒီပါတီရဲ့ ကြေညာချက်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တစ်မျိုးသားလုံးပါဝင်တဲ့ ပြည်ထောင်စု ညီလာခံကျင်းပရေး၊ အမျိုးသားရေးတန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဆိုတာတွေကို ဖေါ်ပြထားပါတယ်။

နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မှတ်ပုံတင်ပြီး လာမယ့်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နောက်လာမယ့် အစည်းအဝေးတွေမှာ ဆုံးဖြတ်သွားမယ်လို့ ဦးစောနိုင်းနိုင်းက ပြောပါတယ်။

NLD ပါတီဝင်ဟောင်းတွေဖြစ်ကြတဲ့ ဦးစောနိုင်းနိုင်းက နာယကအဖြစ် ဦးဆောင်ပြီး ဥက္ကဌ ဒေါက်တာသက်မင်း၊ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်၊ အထွေထွေအတွင်းရေးမှုး ဦးအောင်သူရ၊ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့် တို့နဲ့ ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အဲဒီပါတီအနေနဲ့ ပါဝင်ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး  နာယကဖြစ်သူ ဦးစောနိုင်းနိုင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။