ငါန်းဇွန် NLD တိုင်းလွှတ်တော်အမတ်ရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီဖမ်းဆီး

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ရဲ့ အမျိုးသမီး အပါအဝင် မိသားစုဝင်သုံးယောက်တို့ကို စစ်ကောင်စီက မနေ့က ဇူလိုင်လ ၂၀ ရက်နေ့က မြစ်သားမြို့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဦးကျော်စိုးနိုင်ကလည်း စစ်တပ်အာဏာသိမ်းခံရစဉ်ကတည်းက ရှောင်တိမ်းနေပြီး မိသားစုကလည်း နောက်ပိုင်း ငါန်းဇွန်ကအိမ်မှာ မနေတော့ဘဲ ရှောင်နေရာကနေ အဖမ်းခံလိုက်ရတာလို့ လုံခြုံရေအရ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။
“အာဏာသိမ်းတဲ့မနက်ကတည်းက ကိုယ်စားလှယ် နှစ်ယောက်အိမ်ကို စစ်သားတွေလာတယ်။ ဒါပေမဲ့ သူတို့ကမရှိကြတော့ ဖမ်းလို့မရကြဘူး။ အဲဒီနောက်ပိုင်း မိသားစုတွေလည်း ရှောင်နေကြတာ၊ အဲဒါကို အခု ကိုကျော်စိုးနိုင်ကို မတွေ့တော့ အမျိုးသမီး၊ သားနဲ့ သမီးကို ဖမ်းသွားတယ်။ ဘယ်ကိုဖမ်းသွားလည်းတော့ မသိရသေးဘူး၊ အခု လိုက်တော့ စုံစမ်းနေပါတယ်”
ဦးကျော်စိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး သူ့ကိုဖမ်းလို့မရတာနဲ့ မိသားစုဝင်တွေ အဖမ်းခံလိုက်ရတာဖြစ်တယ်လို့လည်း မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဦးကျော်စိုးနိုင်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ငါးဇွန်မြို့နယ် အမှတ် (၂) က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။