ပဲခူးတိုင်း NLD လွှတ်တော်ကိုယ်စားလှယ်နေအိမ် ချိပ်ပိတ်ခံရ
ပဲခူးတိုင်း၊ ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက်မှာရှိတဲ့ ရွှေကျင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်က စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်လိုက်တယ်လို့ ရွှေကျင်မြို့ခံတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2022-11-27 -
-
-
ပဲခူးတိုင်း၊ ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက်မှာရှိတဲ့ ရွှေကျင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်းရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်က စစ်ကောင်စီ တပ်ဖွဲ့က ချိပ်ပိတ်လိုက်တယ်လို့ ရွှေကျင်မြို့ခံတွေက RFA ကို ပြောပါတယ်။
ဒေါ်လှလှဝင်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)၊ ရွေးကောက်ပွဲ အနိုင်အထက်ပြုကျင့်မှု ပုဒ်မ - ၁၃၀ (က) အပါအဝင် ပုဒ်မ ငါးခုနဲ့ တရားစွဲခံထားရပြီး လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရွှေကျင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူ့ကို ပုဒ်မ ငါးခုနဲ့ တရားစွဲထားတယ်။ အဲလိုစွဲထားလို့ ဒေါ်လှလှဝင်းကတော့ တိမ်းရှောင်နေရတာပေါ့။ တိမ်းရှောင်နေလို့ဆိုပြီး တရားရုံးက နေအိမ်ချိပ်ပိတ်ဖို့ အမိန့်ထုတ်တာ။ အဲနေ့မှာပဲ နေအိမ်ကို ချိပ်ပိတ်လိုက်တာ။ နေအိမ်က ရဲစခန်းနဲ့နီးတဲ့ အိမ်ဖြစ်ပါတယ်"
ဒေါ်လှလှဝင်းကို ရွှေကျင်မြို့နယ်တရားရုံးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်မှာ ပုဒ်မ- ၁၃၀ (က) နဲ့ စွဲဆိုထားတဲ့အမှုအတွက် ချေပရှင်းလင်းဖို့ ဆင့်ခေါ်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) အပါအဝင် ပုဒ်မ လေးခုနဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ ရွှေကျင်မြို့နယ် အနောက်ဘက် ရွာက ကိုမင်းမင်းနိုင်ရဲ့ စားသောက်ဆိုင်နဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေ ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းချိန်ကစလို့ အခုနှစ် အောက်တိုဘာလကုန် အထိ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အအုံ ၇၈၆ ခုထက်မနည်း ရှိပါတယ်။