ရခိုင်ပြည်နယ်က မွတ်စလင်တွေ တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားကြတာဟာ အကြမ်းဖက် သမားတွေရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းအစိုးရ၊ တိုင်းခရိုင်မြို့နယ် ပါတီဝင်တွေ တွေ့ဆုံပွဲကို ဒီကနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် MCC ခန်းမမှာ ကျင်းပခဲ့ရာ အခမ်းအနားမှာ ဦးအောင်စိုးက အစီရင်ခံစာ ဖတ်ကြားတင်ပြခဲ့တာ ဖြစ်ပါတယ်။
"ထိုကိစ္စဖြစ်ပြီး တစ်ပတ်အတွင်းတွင် မည်သည့်ခြိမ်းခြောက်မှုမျိုး တိုက်ခိုက်မှုမျိုးမှ မပါရှိဘဲ ထိုဘင်္ဂလီနွယ်များမှ တဘက်နိုင်ငံသို့ အုံလိုက်ကျဉ်းလိုက် ထွက်ခွာသွားခဲ့ကြပါသည်။ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားများက မိမိတို့ရွာများကို စွန့်ခွာလျက် နီးစပ်ရာ ဒုက္ခသည်များသို့ သွားရောက်သည့် ဗီဒီယိုပုံများကို နိုင်ငံတကာမီဒီယာများ၌ ဗမာ့တပ်မတော်၏ တိုက်ခိုက် မှုကြောင့် ထွက်ပြေးသွားကြသော ဒုက္ခသည်များကို ဖော်ပြခဲ့သည်ကို တွေ့ရပါသည်၊ ဖြစ်ရပ် အမှန်မှာ လက်နက်ကိုင် အကြမ်းဖက်မှုများ စတင်သည်နှင့် တစ်ပြိုင်တည်း ထိုကျေးရွာသူ ကျေးရွာ သားများအား အကြမ်းဖက်သမားများက မိမိတို့ အရပ်ဒေသများကို စွန့်ခွာလျှက် တဘက်နိုင်ငံသို့ ထွက်ပြေးသွားကြရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်ဖြစ်ကြောင်း သိရပါသည်"
၆ လတစ်ကြိမ် ကျင်းပတဲ့ NLD ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ ၆လအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ရခိုင်အရေး၊ ငြိမ်းချမ်းရေးနဲ့ သိမ်းဆည်းခံ လယ်ယာမြေအရေးတို့ကို စုစည်းပြီး အစီရင်ခံစာ တင်သွင်း တာဖြစ်ပါတယ်။
အစည်းအဝေးမှာ ပါတီခေါင်းဆောင်တွေက ရန်ကုန်တိုင်းအတွင်း လွှတ်တော်နဲ့ အစိုးရအဖွဲ့ အပြန်အလှန် ထိန်းညှိဖို့ လိုအပ်သလို အခုအချိန်မှာ ဟန်ချက်ညီဖို့ လိုအပ်နေသေးတယ်လို့လည်း ဝေဖန်အကြံပြုခဲ့ကြပါတယ်။
ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပါတီ၊ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြ ဖို့ အဖွဲ့အစည်းတစ်ခု အုပ်စုတစ်စုတည်းအတွက် ပြောတာမျိုးမဖြစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။