ငြိမ်းချမ်းရေး ပူးပေါင်းကြိုးပမ်းဖို့ NLD နဲ့ အပစ်ရပ်အဖွဲ့တွေ ဆွေးနွေး
2015.11.27

ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းရင်း သားတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မူကို ဦးစားပေးသွားမယ်လို့ ကတိပြုတာကြောင့် အတူပူးပေါင်းလုပ်ဆောင် သွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၅ ဖွဲ့က ခေါင်းဆောင်တွေနဲ့ NLD ဗဟိုကော်မတီဝင်တွေ မနေ့က ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
"ကျနော်တို့တင်ပြတဲ့ NCA ကို သူတို့အသိအမှတ်ပြုတယ်၊ သူတို့တာဝန်ယူရတဲ့အချိန်ကျတော့ သူတို့ရဲ့ မူလသဘောထားဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးကို သူတို့ဦးစားပေးအနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်၊ ဦးစားပေးဆောင်ရွက်မယ့်အချက်တွေထဲမှာ ဒီအချက်တွေ ပါဝင်တဲ့အတွက်ကြောင့် ကျနော်တို့စိုးရိမ်မှုကို အစပျောက်စေတာပေါ့နော် "
ဒါ့အပြင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးဆောင်သွားမှာဖြစ်သလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပေါ်မှာ အခြေခံပြီး လိုအပ်တဲ့အချက်တွေကို ပြုပြင်ဆောင်ရွက်သွားမယ်လို့ NLD ဗဟိုကော်မတီဝင်တွေက ပြောခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းထိန်၊ ဦးဟံသာမြင့်၊ KNU ကရင်အမျိုးသားအစည်းအရုံးက ပဒိုစောကွယ်ထူးဝင်း၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဦးမျိုးဝင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊ချင်းအမျိုးသားတပ်ဦးက ဦးနန်လင်းထန်နဲ့ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဒေါ်စောမြရာဇာလင်းတို့ တက်ရောက်ကြပါတယ်။
KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
ဒီတွေ့ဆုံပွဲမှာပါဝင်တဲ့ NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ ကိုလည်း နားဆင်နိုင်ပါတယ်။