ဘားအံဒေသခံ ၂၀၀၀ နီးပါး NLD ကျန်းမာရေးအဖွဲ့ ဆေးကုပေး


2013.11.03

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့က ဒေသခံနှစ်ထောင်လောက်ကို ဒီနေ့ ဆေးဝါးကုသပေးခဲ့ပြီး အများစုက ကျန်းမာရေးစရိတ် မတတ်နိုင်လို့ လာရောက်ကုသကြတဲ့သူတွေများတယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးဝါးလာရောက်ကုသမှုခံယူကြတဲ့ ဒေသခံတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး NLD ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက အခုလိုပြောပါတယ်။

"အဓိကက သူတို့ဆီမှာ ဆေးရုံရှိတယ်၊ စရိတ်မျှပေးဆိုတော့ သူတို့ခင်ဗျာ မတတ်နိုင်ဘူး၊ ကျေးရွာတွေမှာ ဆရာဝန်တွေ မရှိနိုင်သေးဘူးလေ၊ ဒါကလဲ ဆရာဝန် ဘတ်ဂျက်အရပေါ့"

ဘားအံမှာ NLD ကျန်းမာရေးကွန်ရက် သွားရောက်ဆေးကုသပေးတဲ့အဖွဲ့ထဲမှာ သားဖွားမီးယပ်၊ ခွဲစိတ်အထူးကု၊ သွားနဲ့ခံတွင်း၊ အထွေထွေရောဂါကုဆရာဝန်တွေစတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း လေးဆယ်ကျော်ပါဝင်ကြပြီး ဘားအံမြို့၊ မင်္ဂလာခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လာရောက်ကုသမှုခံယူကြတဲ့ လူနာတွေထဲမှာ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့လူနာတွေပါ ပါဝင်တာကြောင့် အဲဒီလူနာတွေကို ရန်ကုန်မှာခွဲစိတ်ကုသဖို့ ဆက်လက်စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

NLD ကျန်းမာရေးကွန်ရက်က အခုလလယ်ပိုင်းမှာလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ပြည်မြို့ဒေသခံတွေကို သွားရောက်ဆေးဝါးကုသပေးအုံးမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။