ရွှေတိဂုံဘုရားအနီးကနေ နှင်ထုတ်ခံခဲ့ရတဲ့ ငုံးဥသည်ကို NLD ပါတီ ဆေးစရိတ်လှူ


2017.10.12
nld-donate-aungthan-622 အစ္စလာမ်ဘာသာဝင် ဦးအောင်သန်း ကို NLD ဗဟို အမျိုးသမီးကော်မတီအဖွဲ့က ဆေးကုသဖို့ ငွေကျပ် ၇ သိန်းခွဲကို အောက်တိုဘာလ ၁၂ ၇က်နေ့က လှူဒါန်းစဉ်
Photo:National League for Democracy

ဘာသာခြားဖြစ်လို့ဆိုပြီး ရွှေတိဂုံဘုရားအနီးမှာ ငုံးဥပြုတ်ရောင်းချနေရာကနေ နှင်ထုတ်ခံခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင် ဦးအောင်သန်း ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အမျိုးသမီးကော်မတီအဖွဲ့က ဒီကနေ့ ဆေးကုသဖို့ ငွေကျပ် ၇ သိန်းခွဲ လှူဒါန်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ လှူဒါန်းတာဖြစ်ပြီး ဘာသာရေးကိစ္စမဟုတ်ဘဲ လူမှုရေးအရ ကျန်းမာရေးမကောင်းလို့ လှူတာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွ့ဲ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ရိုးရိုးပဲ စေတနာနဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာသိလို့ ဆေးကုသဖို့ အထောက်အပံ့ပေးတဲ့ သဘောပဲ၊ ကျနော်လည်း ဒီနေ့ ပြောတယ် ဒါဘာသာရေးကိစ္စမဟုတ်ဘူး၊ ဒါလူမှုရေးသက်သက် စေတနာနဲ့ လုပ်တဲ့ဟာ မေးတာမီဒီယာတွေက စိတ်ဝင်စားမှုရှိနေတာသိတယ်၊ မေးလို့ရှိရင် ရှိတဲ့အတိုင်း အမှန်အတိုင်းပြော ကျနော် ဒါပဲပြောတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်၊ သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ငုံးဥပြုတ်ရောင်း ချခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ဦးအောင်သန်းကို ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဟန်းနှစ်ပါးနဲ့ လူနှစ်ယောက်က နှင်ထုတ်ခဲ့တာပါ။ အဲဒီသတင်းဟာလည်း ရက်ပိုင်းအတွင်း လူမှုကွန်ရက်သတင်းမီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဦးအောင်သန်းအတွက် ငွေကြေးသွားရောက် လှူဒါန်းသူတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဦးအောင်သန်းဟာ ရင်ကျပ်ရောဂါဒေဒနာကို ခံစားနေရသူဖြစ်ပြီး အစ်ကိုဖြစ်သူကလည်း ကျန်းမာရေး ချို့ယွင်းနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ အလှူငွေပေးအပ်ရာမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့် ၊ NLD ဗဟိုအမျိုးသမီးကော်မတီဥက္ကဌ ဒေါက်တာဒေါ်မေဝင်းမြင့်နဲ့ အဖွဲ့ဝင်တွေက ပေးအပ်ခဲ့ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။