ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲတွေ ကျင်းပဖို့ NLD ညွှန်ကြားထားခြင်းမရှိကြောင်းပြော


2019.02.26
dr-myonyunt-622.jpg NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲတွေ ပြုလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟို က ညွှန်ကြားထားတာမရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က RFA ကို ပြောလိုက်ပါတယ်။

မြို့ကြီးအတော်များများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းလိုက်တဲ့ ပူးပေါင်းကော်မတီကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွေကို NLD ပါတီဝင်တွေက ဦးဆောင်ပြုလုပ်နေတာတွေရှိတဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေတာကြောင့် NLD ပါတီက ညွှန်ကြားထားတာလားဆိုပြီး RFA က ဒီနေ့ မေးမြန်းရာမှာ ဒေါက်တာမျိုးညွှန့်က ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ ကလေး စတဲ့မြို့တွေမှာ အဲဒီလိုထောက်ခံဆန္ဒပြပွဲတွေကို ကျင်းပခဲ့ပြီး မနက်ဖြန် မှာလည်း ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ ရှိနေတာပါ။ အဲဒီထောက်ခံဆန္ဒပြပွဲတွေဟာ ပြည်သူတွေကိုယ်တိုင်က သူတို့ သဘောဆန္ဒအလျောက် ပြုလုပ်ကြတာဖြစ်ပြီး တစ်ချို့ပါတီဝင်တွေကတော့ တစ်ဦးချင်းအနေနဲ့ ပါဝင်တာရှိတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံ ပွဲတွေ ပြုလုပ်နေတာဟာ နိုင်ငံရေးအရ ရိုးသားမှု မရှိကြောင်းနဲ့ ပြည်သူတွေကို လမ်းပေါ်ဆွဲတင်တာတွေ မလုပ်သင့်ကြောင်း စွပ်စွဲခဲ့ပါတယ်။ အဲဒီလိုပြောလိုက်တာဟာ လူထုအင်အားနဲ့ ဥပဒေပြင်ပကနေ ကြိုးစားပြီး အာဏာကိုရယူဖို့ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးဖြစ်နေကြောင်း၊ ဖွဲ့စည်းပုံပြင်ရေးအတွက် NLD ပါတီမှာ တိကျတဲ့မူဝါဒရှိပြီး ပါတီအကျိုးအတွက် ဘယ်တော့မှ ပြည်သူကို လမ်းပေါ်မတင်ဘူးလို့လည်း ဒေါက်တာမျိုးညွန့်က တုံ့ပြန်လိုက်ပါတယ်။

လက်ရှိမှာ NLD ပါတီက ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းကာ အခြေခံဥပဒေပါ "အခန်း ၁၊ နိုင်ငံတော်အခြေခံမူများ" ကို စတင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုကျော်ဇောဝင်း တို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။