ဦးဝင်းထိန်ရဲ့ နုတ်ထွက်စာကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ


2018.03.24
winhtein-622.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် ကို ၂ဝ၁၈ ခုနှစ် မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ နုတ်ထွက်စာကို ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်မခံတဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာတာဖြစ်တယ်လို့ ဦးဝင်းထိန်က ဒီနေ့ ပြောပါတယ်။

ဒီနေ့ နေပြည်တော် စည်ပင်ရိပ်သာ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအပြီးမှာ ဦးဝင်းထိန်က ပြောတာဖြစ်ပါတယ်။

"ထွက်စာတင်တာမှန်တယ်။ ဒါပေမဲ့ ဒေါ်စုက လက်မခံလို့ပြန်လာရတာ။ ဒေါ်စုခေါ်လို့ပြန်လာတယ် ဆိုတာ CEC တက်တဲ့သူတိုင်း အဲမေးခွန်းမေးတယ်။ ၈၀ နားကပ်နေပြီ။ သေခါနီးနေပြီ။ ဒီမှာတွေ့တဲ့ လူတိုင်း လူတိုင်း၊ သတင်းထောက်တွေအပါအဝင် ကိုယ့်ပါတီကရော တခြားကလူတွေရော တွေ့တဲ့ အခါမှာ ပြဿနာတွေချည်းပဲ။ ပြဿနာတွေကို ပြောရ၊ ရှင်းရတဲ့အခါမှာ ဒေါသထွက်တယ်။ ပြောရတယ် ဆိုရတယ်၊ ဟိုမှာ ပြန်ရောက်တော့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတယ်၊ ငါဒီမှာ အကုသိုလ်အရမ်းများ တယ်။ မတော်လို့ တစ်ခုခုသာဖြစ်သွားခဲ့ရင် အပယ်လားမှာ။ အပယ်တော့ အလားမခံနိုင်ဘူး။ ထွက်မယ်ဆိုပြီးမှ ဘာမှမလိုချင်ဘဲ ထွက်သွားတာ"

သြစတြေးလျနိုင်ငံကနေ မြန်မာပြည်ကို ဒီနေ့မနက်က ပြန်လာတဲ့ အင်န်အယ်လ်ဒီ ဗဟိုအတွင်းရေးမှူး ဦးဝင်းထိန် ဟာ ပါတီမှာ ဘယ်အခန်းကဏ္ဍမှာ ရှိမလဲဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က အခုလိုပြောပါတယ်။

"အဲဒါက ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆက်လက်ပြီး ဆုံးဖြတ်မှာပါ။ အခုထိတော့ ကျနော်တို့ ဘာမှ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ သတင်းထုတ်ပြန်စရာမရှိသေးပါဘူး။ ဘယ်တာဝန်ထမ်းဆောင်မယ် ဆိုတာကို ကျနော်တို့ ဆုံးဖြတ်ရဦးမှာပါ။ အခုလောလောဆယ်တော့ ကျနော်တို့ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ပြန်လည်ပြီးလာရောက်တယ်။ ကြိုဆိုတယ်။ ကျနော်တို့ ဒီလောက်ထိပဲ ပြောနိုင်ပါသေးတယ်။ မဆုံးဖြတ်ခင်ထိကတော့ နဂိုတာဝန်တွေပါပဲ။ ကျနော်တို့ ဆုံးဖြတ်တဲ့အခါ ဆုံးဖြတ်ထားတဲ့တာဝန်တွေကို ပြောင်းလဲထမ်းဆောင်မှာ ဖြစ်ပါတယ်"

အင်န်အယ်လ်ဒီပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ဟာ ဒုတိယမြောက်စိန်စီသောညဆိုပြီး လူမှုကွန်ယက် မှာ ဝေဖန်ခံခဲ့ရတဲ့ သားဖြစ်သူ မင်္ဂလာပွဲအပြီး သြစတြေးလျနိုင်ငံကို ၂ လကျော်ကြာ သွားရောက်ခဲ့တာပါ။

သြစတြေးလျနိုင်ငံကို ရောက်ရှိနေစဉ်မှာ ပါတီကနေ နုတ်ထွက်ကြောင်း အကြောင်းကြားစာကို ဗဟိုအလုပ် အမှုဆောင်ကော်မတီထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ သြစတြေးလျနိုင်ငံ ခရီးစဉ် အတွင်း ဦးဝင်းထိန်တို့မိသားစုနဲ့ တေ့ွဆုံခဲ့ပါတယ်။

ဦးဝင်းထိန်က ဒီနေ့မနက်မှာ သြစတြေးလျနိုင်ငံကနေ ရန်ကုန်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ အပြောင်းအလဲတွေဟာလည်း သြစတြေးလျ မသွားခင်ကတည်းက ပါတီတွင်း ဆွေးနွေးဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်တို့ကို အန်အယ်လ်ဒီ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် တရားဝင်တာဝန်ပေးဖို့ ဒီနေ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ် ။ ဒါ့အပြင် လာမယ့် ဇွန်လမှာ ပါတီရဲ့ ဒုတိယအကြိမ် ညီလာခံ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

အစည်းအဝေးကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဦးဝင်းမြင့်တို့ မတက်ရောက်ပါဘူး။ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဒေါက်တာ မေဝင်းမြင့်၊ ဦးဖြိုးမင်းသိန်းစတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ညမှာ ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဦးဝင်းမြင့် နေအိမ်မှာ ညစာစားပွဲပြုလုပ် မှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။