နောက်ထပ် NLD ကိုယ်စားလှယ်လောင်း နှစ်ဦး ကို ကော်မရှင် ပယ်ချ

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးကို ရွေးကောက်ပွဲဥပဒေ ပါ ပြဌာန်းချက်တွေနဲ့ မကိုက်ညီလို့ဆိုပြီး ကယားပြည်နယ် ဘောလခဲနဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခရိုင်ကော်မရှင်ရုံးခွဲတွေက ပယ်ချလိုက်ပါတယ်။ ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ ကနေ ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ NLD ကိုယ်စားလှယ်လောင်း ဦးဖြိုးဝေအောင်ဟာ အသက် ၃၀ မပြည့်သေးတဲ့အတွက် ပယ်ချခံရတာဖြစ်တယ်လို့ ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်လင်းက ပြောပါတယ်။
"ဦးဖြိုးဝေအောင်က အသက် ၂၉ နှစ်ပဲ ရှိပါသေးလို့ခင်ဗျ၊ သူက အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အခန်း (၅) ပုဒ်မ (၈) အပိုဒ် ပုဒ်မခွဲ က(၁) နဲ့ ငြိပါတယ်ခင်ဗျ"
အမျိုးသားလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အသက် ၃၀ ရှိရမှာဖြစ် ပြီး ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ အသက် ၂၅ နှစ် ရှိရမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် မဲဆန္ဒနယ် အမှတ် ၁၀ က ကိုယ်စားလှယ်လောင်း ဦးယဉ်မျိုးကတော့ သူ့ကို မွေးဖွားစဉ်က သူ့မိဘနှစ်ပါးဟာ နိုင်ငံသားမဖြစ်သေးတာကို စိစစ်တေ့ွရှိခဲ့တဲ့အတွက် ပယ်ချလိုက်တာဖြစ် တယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။ အလားတူ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်ကိုလည်း နိုင်ငံသားမိဘနှစ်ပါး မဖြစ်လို့ဆိုပြီး ပယ်ချထားပါတယ်။
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၁၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။