အနိုင်ရ ဆိပ်ကမ်းကိုယ်စားလှယ်ကို NLD ရွေးကောက်ပွဲ ကိုယ်စားလှယ် အမှုဖွင့်


2018.11.18
by-election-622.jpg ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းမြို့နယ် မဲရုံ ဆန္ဒမဲ ရေတွက်နေစဉ်
Photo: Thant Zin Oo/RFA

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်ကနေ အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင် အပါအဝင် ၃ ယောက်ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (က) နဲ့ ဆိပ်ကမ်းရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲက ငွေရေး၊ ကြေးရေးနဲ့ဆိုင်တဲ့ ပုဒ်မနဲ့ NLD ပါတီရဲ့ ဆိပ်ကမ်းမြို့နယ် ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးရဲမင်းသိမ်းက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာလို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ပြောပါတယ်။

အမှုဖွင့်ခံထားရသူ ၃ ဦးကတော့ အနိုင်ရခဲ့တဲ့ USDP ပါတီက ဦးနေမျိုးအောင်နဲ့ သူရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် အပြင် ငွေချေးကုမ္ပဏီက တာဝန်ရှိသူတစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို မေးမြန်းရာမှာ အမှုဖွင့်ခံထားရတဲ့ အကြောင်းကို ဦးနေမျိုးအောင်ဆီ လက်ရှိအချိန်အထိ စခန်းက အကြောင်းကြားလာတာ မရှိသေးကြောင်း၊ ကြားဖြတ်မှာ USDP အနိုင်ရခဲ့တဲ့ ၃ နေရာလုံးဟာ ရွေးကောက်ပွဲ မတရားပြုကျင့်မှု မလုပ်ဘဲ ဥပဒေနဲ့အညီ အနိုင်ရခဲ့တာလို့ ယုံကြည်ကြောင်း၊ ဥပဒေကြောင်းအရ ဖြေရှင်းရမယ့်ကိစ္စတွေရှိလာရင် ဖြေရှင်းသွားမယ့်အကြောင်း RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၄၀၀ ကျော်ရှိခဲ့ပေမယ့် ဆန္ဒမဲ လာပေးသူ ၉၀၀ ကျော်သာရှိခဲ့ပြီး USDP ပါတီက ဦးနေမျိုးအောင်ဟာ မဲအရေအတွက် ၅၀၀ ကျော်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။