အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၁၆၈ ချက် NLD အကြံပြု


2014.05.29
nld-supporters-305.jpg မန္တလေးမှာကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး NLD လူထုဟောပြောပွဲမှာ ထောက်ခံသူများကို တွေ့ရစဉ်
Photo: RFA

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြည်ထောင်စုလွှတ်တော်မှာ "ရွေးကောက် တင်မြှောက်ခံရတဲ့" ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော်က ပြင်ဆင်ဖို့ သဘောတူရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးသူ ထက်ဝက်ကျော်ရဲ့ ဆန္ဒမဲနဲ့ ပြင်ဆင်သင့် တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အကြံပြုထား ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်သင့် ပယ်ဖျက်သင့်တဲ့ အချက် ၁၆၈ ချက်ကို ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ အန်အယ်လ်ဒီရဲ့ အကြံပြုချက်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မ တီဝင် ဦးထွန်းထွန်းဟိန် က အခုလို ပြောပါတယ်။

"ရှေ့နောက် မညီတဲ့အချက်တွေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီတဲ့အချက်တွေ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ ဆန့်ကျင်တဲ့အချက်တွေ၊ တိုင်းရင်းသားတွေကို တန်းတူညီမျှမှု ဆန့်ကျင်တဲ့အချက်တွေ အဲဒါတွေကို ကျနော်တို့ ပြုပြင်ခိုင်းတာပါ၊ ၁၆၈ ချက်ကို ကျနော်တို့ စိတ်ကြိုက်ပြောမယ်ဆိုလို့ရှိရင်တော့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာမှာပေါ့ဗျာ"

အဲ့ဒီ အချက် ၁၆၈ ချက်ထဲမှာ နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) ၊ (ဃ)၊ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ် စတဲ့အချက်တွေကို ပယ်ဖျက်သင့်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သမ္မတက တရားသူကြီးချုပ်၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်အပ်ထားနိုင် ခွင့် ပေးအပ်ထားတာကိုလည်း ပြင်ဆင်သင့်ကြောင်း ထည့်သွင်းထားပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ အရဆိုရင် ဖွဲ့စည်းပုံပါအချက်တွေကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုရရှိရမှာ ဖြစ်ပါတယ်။

အဲဒီမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း ရှိနေတဲ့အတွက် ပုဒ်မ ၄၃၆ ကို လက်ရှိ ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအရ ပြင်ဆင်ဖို့ မဖြစ်နိုင်ကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။