နိပွန်ဖေါင်ဒေးရှင်းလှူထားတဲ့ ကားတွေကိုပြင်ပြီး လူနာတင်ယာဉ်အဖြစ် သုံးမည်
2016.12.02

ရန်ကုန်မြို့ မျက်စိ နား နှာခေါင်း လည်ချောင်းဆေးရုံမှာ အသုံးမပြုဘဲ ပစ်ထားတဲ့ ဂျပန်အစိုးရက ကူညီထားတဲ့ ကားအစီးရေ ၁၀၀ ကျော်ကို ပြင်ဆင်ပြီးရင် ကျန်းမာရေးဝန်ကြီးဌာနအတွက် လူနာတင်ယာဉ်ကားတွေအဖြစ် အသုံးပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ကားအစီး ၁၀၀ ကျော်လုံးကို ပြင်ဆင်ပြီးရင် မြို့နယ်တွေအလိုက် လူနာတင်ကားတွေအဖြစ် အသုံးပြုမယ်လို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြဝဏ္ဏစိုး က ပြောပါတယ်။
"ကားတွေက အသုတ်လိုက်ပြင်တာဆိုတော့ ကားအစီး တစ်ရာလုံး ပြင်လို့မပြီးနိုင်ဘူး၊ အသုတ်လိုက်ပြင် ပြီး ဆောင်ရွက်မှာပါ၊ အရင်တုန်းကားတွေကိုလည်း ဆေးရုံတွေမှာ လူနာတင်ယာဉ်ပဲ၊ အခုလည်း မြို့နယ်ဆေးရုံတွေမှာ လူနာတင်ယာဉ်အဖြစ် ပြင်ဆင်ပြီး သုံးမှာဖြစ်ပါတယ်"
ဂျပန်နီပွန်ဖောင်ဒေးရှင်းကနေ ကား ၁၀၁ စီးကို ကျန်းမာရေးဝန်ကြီးဌာနမှာအသုံးပြုဖို့အတွက် အရင်အစိုးရ လက်ထက်မှာ လှူဒါန်းထားတာဖြစ်ပြီး မြန်မာနိုင်ငံကို ဒီနှစ် ဧပြီလ ၈ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ရောက်ရှိလာတဲ့ကားတွေကို တပြိုင်နက် အသုံးမပြုနိုင်တဲ့အတွက် ရန်ကုန်မြို့ တာမွေမြို့နယ် နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံမှာ ပြင်ဆင်အသုံးပြုဖို့ ၆၁ စီး ကျန်ရှိနေတာဖြစ်ပါတယ်။
အဲဒီကားတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ ပြောနေကြတဲ့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ကြပြီး အဲဒီကားတွေဟာ ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲပိုင်ခွင့်ရှိတာလို့ ဆိုပါတယ်။
အဲဒီဆေးရုံဝင်းထဲမှာ တွေ့ရတဲ့ကားတွေကို ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေအရ မီးလုံးတွေ ကားအတွင်းပိုင်းတွေ ပျက်စီးနေတဲ့ကားတွေကိုလည်း တွေ့ရပါတယ်။