မန္တလေး သပိတ်အင်အားစုက လူငယ် ကိုးယောက်ဟာ ဧပြီလ ၄ ရက် မနေ့ညနေပိုင်းက မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ မန္တလေးသပိတ် အင်အားစုဝင်တစ်ဦးက ပြောပါတယ်။
မနေ့က ညနေ ၄ နာရီကျော်မှာ သပိတ်အင်အားစုဝင်တွေထဲက အမျိုးသား ခြောက်ယောက် နဲ့ အမျိုးသမီး သုံးယောက် အဖမ်းခံလိုက်ရတာလို့ မန္တလေးသပိတ်အင်အားစုရဲ့ တာဝန်ရှိသူ က RFA ကို ပြောပါတယ်။
"မနေ့ညနေပိုင်းက Safe House နှစ်လုံး ဝင်စီးခံရပါတယ်။ ရဲဘော် နှစ်ယောက် လမ်းမှာ အဖမ်းခံရပြီး နောက်ဆက်တွဲ ကွင်းဆက်လိုက်ပြီး Safe House နှစ်လုံး ဝင်စီးခံရတာပါ"
ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ မသဲစု၊ ကိုကျော်စိုး မိုး၊ မဂျာဆိုင်းအောင်၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကိုနဲ့ မကြယ်စင်လင်း တို့ ပါဝင်တယ်လို့ မန္တလေး သပိတ်အင်အားစုက အတည်ပြုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း မန္တလေး သပိတ်အင်အားစုက ကိုသူရအောင်၊ ကိုရဲဇင်ထွန်း (ခ) ကိုဖိုးလုံး၊ အလွတ် သတင်းထောက် ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင် တို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။
အဲဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၁၆ ရက်ကလည်း မန္တလေး သပိတ်အင်အားစုက ကိုကျော်သီဟ (မန္တလေး တက္ကသိုလ်) နဲ့ မပိုးပီတီခိုင် (မန္တလာတက္ကသိုလ်) တို့ကို စစ်ကောင်စီက အိမ်စီးကားနှစ်စီးပေါ်ကနေ ရိုက်နှက်ကာ ဖမ်းဆီးသွားခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက် ဒီနေ့အထိ ဖမ်းဆီးခံ ထားရသူ စုစုပေါင်း (၁၀၀၅၄) ဦးရှိပြီး (၉၂၉) ဦး က ထောင်ဒဏ်အသီးသီး ချမှတ်ခံထား ရတယ်လို့ ဖော်ပြထားပါတယ်။