တန့်ဆည်မှာ နှစ်ပတ်အတွင်း အရပ်သား ကိုးဦးသေ၊ အိမ် ၈၀၀ ကျော်မီးလောင်

2022.09.28
တန့်ဆည်မှာ နှစ်ပတ်အတွင်း အရပ်သား ကိုးဦးသေ၊ အိမ် ၈၀၀ ကျော်မီးလောင် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Photo: Taze News

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတဲ့ နှစ်ပတ်အတွင်း ရွာပေါင်း ၂၀ က အိမ် ၈၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ကိုးဦး သေဆုံးခဲ့တယ် လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အုတ်ဖိုလ်အိုင်ရွာက ဒေသခံ ခြောက်ဦး၊ ဂွေးကုန်းရွာက နှစ်ဦးနဲ့ အောင်ချမ်းသာရွာက တစ်ဦး စုစုပေါင်း အရပ်သား ကိုးဦး သေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ စက်တင်ဘာ ၁၆ ရက်ကနေ ဒီနေ့ စက်တင်ဘာ ၂၈ ရက်အထိ တန့်ဆည်မြို့နယ်မှာ တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် ဒီနေ့မနက်မှာလည်း ကာပေါင်းကျရွာက နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကာပေါင်းကျရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက ရွာမှာ ညအိပ်ပြီး မနက် လေးနာရီလောက် စစ်ကြောင်းပြန်ထွက်တဲ့ အချိန် ရွာအရှေ့ပိုင်းမှာ မီးရှို့ခဲ့တာ အိမ်ပေါင်း ၃၅ လုံး ပါသွားတယ်”

စစ်ကောင်စီတပ်သားတွေဟာ အုတ်ဖိုလ်အိုင်၊ အောင်ချမ်းသား၊ ရေဦးကုန်း၊ အင်းဘတ်၊ အိုးသည်ကုန်း၊ ပေကုန်း၊ ဂွေးကုန်း၊ ဘေရင်းရွာသစ်၊ အရှေ့တိုက်၊ နဘက်ကြီး၊ နဘက်ငယ်၊ သစ္စေးကုန်း၊ တဆယ်ကျေး၊ အင်တောသာ၊ သဲစားအရှေ့၊ သဲစားအနောက်၊ အင်းနား၊ ငှက်ပျောတော၊ သစ်တော်ပေါက် (မြောက်ရွာ) နဲ့ ကာပေါင်းကျရွာတွေအတွင်း ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၈၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲနဲ့ မိုင်းထောင်ဖောက်ခွဲမှု ၁၆ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ နီးပါး သေဆုံးကာ PDF ငါးဦး သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်​ကောင်စီ​ပြောခွင့်ရ ဦး​အေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။