ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တွေရဲ့ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ပုဒ်မ နှစ်ခုနဲ့ တရားစွဲခံထားရတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ငါးယောက်ရဲ့အမှုအတွက် တရား လိုဖြစ်တဲ့ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်း ကို ဒီကနေ့ ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ စတင် စစ်ဆေးဖို့ ကနဦး စီစဉ်ထားပေမယ့် မစစ်ဆေးဖြစ်ခဲ့ပါဘူး။
တရားရုံးလုပ်ငန်းစဉ်မြန်ဆန်အောင် ဆောင်ရွက်နေတဲ့ CNP လို့ခေါ်တဲ့ တရားရုံးစာရွက်စာတမ်းတွေ အမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးပဲ ဒီကနေ့ရုံးချိန်းမှာ ရှင်းလင်းပြောဆိုတာ ဖြစ်တဲ့အတွက် မစစ်ဆေးဖြစ်တာလို့ သိရပါတယ်။
နောက်ရုံးချိန်းကို လာမယ့် သြဂုတ်လ ၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
မနီလာသိန်းတို့ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဒေါ်စန်းစန်းမြင့် က ဒေါင်းတို့မျိုးဆက်အမှု ရုံးချိန်းနဲ့ တစ်ရက်တည်းဖြစ်အောင် ဒီကနေ့တင်ပြခဲ့တယ်လို့ ပြောပါတယ်။
သူတို့ ငါးယောက်ကို ဇူလိုင်လ ၂၃ ရက်နေ့က ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းက တရားလိုပြုလုပ်ပြီး ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် လက်ရောက်မှု ပုဒ်မ ၃၅၃၊ ပြည်သူ့ ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာရရှိစေမှု ပုဒ်မ ၃၃၂ တို့နဲ့ တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပါတယ်။
အင်းစိန်ထောင်အချုပ်ကနေ တရားရင်ဆိုင်နေရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမင်းဟန်ထက်ကလွဲလို့ ကျန်တဲ့ ၄ ယောက်ကို တရားရုံးက ကျပ်သိန်း ၂၀ စီနဲ့ အာမခံပေးထားတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက်နာကျင်စေမှု ပုဒ်မ ၃၃၂ ဟာ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ဖြစ်ပြီး တာဝန် ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ ကတော့ အမြင့်ဆုံးထောင်ဒဏ် ၂ နှစ် အထိချမှတ်နိုင်သလို ငွေဒဏ်တွေလည်း ချမှတ်နိုင်ပါတယ်။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)