ငဖဲမြို့မှာ အရှိုချင်း အမျိုးသမီးနှစ်ဦး အသတ်ခံရ

မကွေးတိုင်း၊ ငဖဲမြို့နယ် ဘုံးဘောရွာမှာနေထိုင်တဲ့ အရှိုချင်းတိုင်းရင်းသား အမျိုးသမီးနှစ်ဦး အောက်တိုဘာလ ၆ ရက်မှာ ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာလ ၉ ရက် မနေ့မှာတော့ အသတ်ခံထားရတဲ့ အလောင်းတွေကို ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူတွေဟာ ဘုံးဘောရွာက အသက် ၁၄ နှစ်အရွယ် မိုင်နှောင်ပါလှနဲ့ အသက် ၂၁ နှစ်အရွယ် မိုင်ရွှေဇင်ရဲ ခေါ် မခင်ဝင်းတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဂုတ်ကြီးရွာကနေ သူတို့ရွာ အပြန်မှာ ပျောက်ဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီနေ့ ည (၈) နာရီလောက် မိန်းကလေးနှစ်ယောက်က ပျောက်သွားတယ်။ တစ်ယောက်က အသက် ၁၄ နှစ် ကလေးပဲ ရှိသေးတယ်။ ဂုတ်ကြီးရွာကနေ ဘုံးဘော ရွာအပြန်မှာ ဖြစ်တာပေါ့။ ပြန်တွေ့တာက ၉ ရက်နေ့ ညနေ ငါးနာရီလောက် မြေလတ် ရွာအနီးမှာ ပြန်တွေ့တယ်"
ငဖဲမြို့နယ် တောင်ပေါ်မှာ အရှိုချင်းရွာ ၁၁ ရွာ ရှိပြီး အဲဒီရွာတွေဟာ ရခိုင်ရိုးမပေါ်မှာရှိသလို မန္တလေး - စစ်တွေ ကားလမ်းပေါ်မှာလည်း ရှိကြပေမယ့် တစ်ရွာနဲ့ တစ်ရွာ နီးစပ်ကြပြီး ဂုတ်ကြီးရွာနဲ့ ဘုံးဘောရွာဆိုရင်လည်း ဆိုင်ကယ်နဲ့သွားရင် ငါးမိနစ်လောက်ပဲ ကြာတယ်လို့ ဒေသခံက ပြောပါတယ်။
အဲဒီ ဂုတ်ကြီးရွာမှာ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းရှိသလို မြေလတ်ရွာမှာ တပ်မ (၈၈) က တပ်စွဲလေ့ရှိပြီး ငဖဲ ကပစ (၁၄) တပ်နဲ့ ပဒန်းက စစ်ကောင်စီတပ်တွေလည်း စစ်ရေး လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အဲဒီအနီးရွာတွေဖြစ်တဲ့ ဖိုကုန်းရွာမှာ အမြောက်တပ် အမတ (၃၀၅)၊ ဆုံကုန်းရွာ မှာ အမတ (၄၀၉) နဲ့ စာတတ်ကူရွာမှာ အမတ (၉၀၅) တပ်တွေ တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ရွာတွေရဲ့ ပတ်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေအပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေပါ ရှိနေတာကြောင့် ဘယ်သူသတ်သွားတယ် ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ မိသားစုဝင်တွေထံကို သေဆုံးသွားတဲ့ မိန်းကလေးတွေရဲ့ ရုပ်အလောင်းတွေ ရောက်ရှိနေပြီး ဒေသခံတွေကတော့ မုဒိမ်းကျင့်အသတ်ခံရတာလို့ ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူနဲ့ ပြည်သူ ၂၃၃၈ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။