နယူးဇီလန်အစိုးရ ဝန်ကြီးအဖွဲ့က မြန်မာနိုင်ငံအပေါ် ကော်မရှင်ဖွဲ့ရေး အဆိုကို ထောက်ခံတဲ့အကြောင်း အကြောင်းကြားစာကို မြို့တော် ဝယ်လင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (နယူးဇီလန်) ကို အကြောင်းကြားခဲ့တယ်လို့ အဖွဲ့က ပြောခွင့်ရသူ ဦးနိုင်ကိုကိုက RFA ကို ပြောပါတယ်။
“ဟုတ်ကဲ့၊ ဒီ နယူးဇီလန် အစိုးရကနေပြီးတော့ သူတို့ အစိုးရ ကက်ဘိနက် meeting မှာ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့အတွက် အစိုးရ ကက်ဘိနက် ဆုံးဖြတ်ချက် ချပြီးပြီ ဆိုတဲ့စာကို ကျွန်တော့ကို ပို့ပေးပါတယ်။ တရားဝင် ထုတ်ပြန်ဖို့ကတော့ အခုလာမဲ့ Monday မှာ ကက်ဘိနက် အစည်းအဝေးမှာ ဝန်ကြီးချုပ် ကြေညာမယ်လို့ ပြောပါတယ်။”
အခုလို မြန်မာနိုင်ငံက စစ်တပ်အပါအဝင် အာဏာပိုင်တွေက အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ မြောက်မမြောက် စုံစမ်းစစ်ဆေးဖို့ အဆိုကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထုူးကိုယ်စားလှယ် ထောမတ် ကင်တားနားက ပြီးခဲ့တဲ့ မတ်လက အစီရင်ခံစာမှာ တရားဝင် အကြံပြုခဲ့တာ ဖြစ်ပါတယ်။
နယူးဇီလန်အစိုးရဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် တက်တက်ကြွကြွ ကူညီပေးတဲ့ နိုင်ငံတခုဖြစ်ပါတယ်။
လက်ရှိအချိန်အထိ မြန်မာစစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့ အဆိုကို တရားဝင် ထောက်ခံတဲ့ နိုင်ငံတွေ ကတော့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ ချက်သမတနိုင်ငံ၊ စလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ နယူးဇီလန်နိုင်ငံတွေ ဖြစ်ပါတယ်။