ဘာသာရေး ခေါင်းဆောင်များနဲ့ မြန်မာ ဌာနမှူးရဲ့ နှစ်သစ်ကူး စကားလက်ဆောင်
2013.01.01

ဒီကနေ့ ကျရောက်တဲ့နှစ်သစ်မှာ မြန်မာနိုင်ငံက ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နေရာတွေမှာ ဘုရားရဲ့ ငြိမ်းချမ်းခြင်းလက်နက်နဲ့ လူတွေစိတ်ထဲ အေးမြပြီး တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းဖြေရှင်းနိုင်တဲ့ ကျေးဇူးတော် အသိတရားလေး ဘုရားပေးပါစေဆိုပြီး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ဆန်ဖရန်စ္စကိုမြို့မှာရှိတဲ့ St. Finn Bar ဘုရားကျောင်းက ကက်သလစ်ဘုန်းတော်ကြီး ဖရန်စစ်က ဆုတောင်းစကားပြောကြားပါတယ်။
ဘာသာရေးခေါင်းဆောင်ထဲက နောက်တစ်ဦးဖြစ်တဲ့ ဝါရှင်တန်ဒီစီ ခရစ်ယာန်အသင်းတော် ဥက္ကဌ ဒွန်ကွတ်ကလည်း မြန်မာပြည်မှာ ပိုပြီးတော့ ငြိမ်းချမ်းရေးရဖို့အပြင် ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ နိုင်ငံရေးနဲ့ တခြားပြဿနာအရပ်ရပ် ပြေလည်သွားစေဖို့ ဆုတောင်းထားပါတယ်။ ဒါ့အပြင် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မန္တလေးမြို့ အထက်တန်းကျောင်းဆရာကြီးဟောင်း ယခု အမေရိကန်ပြည်ထောင်စုရောက် မူစလင်ဆရာ ဦးအောင်ဒင်က မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့နဲ့ ဒုက္ခရောက်နေသူတွေ အဆင်ပြေပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ ဘုရားရှင်ထံမှာ ဆုတောင်းပေးခဲ့ပါတယ်။
ပြည်ပရောက် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် အရှင်ဇဝနကလည်း မြန်မာနိုင်ငံမှာ ပြည်သူပြည်သားတွေ အစိုးရကြောင့်ကျခဲ့ရတဲ့ မျက်ရည်တွေ၊ သောကတွေ၊ သွေးထွက်သံယိုမှုတွေ လုံးဝကင်းစင်သောနှစ်ဖြစ်ပါစေ။ ဒေါသတရား၊ အာဃတတရားတွေနဲ့ ပြဿနာကို ဖြေရှင်းတတ်သော အရိုင်းအစိုင်းတို့ရဲ့ ခေတ်ဆိုးကြီး အမိမြန်မာပြည်ဆီက အမြန်ဆုံးချုပ်ငြိမ်း ပျောက်ကွယ်ပါစေဆိုပြီး နှစ်သစ်ဆုတောင်းစကားဆိုထားပါတယ်။
လွတ်လပ်တဲ့အာရှအသံ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေကတော့ မြန်မာနိုင်ငံမှာ အံသြလောက်အောင် အကောင်းအဆိုးတွေနဲ့ ပြောင်းလဲခဲ့တဲ့ ၂၀၁၂ခုနှစ်ကုန်ဆုံးပြီး ၂၀၁၃ခုနှစ် နှစ်သစ်ကိုကြိုဆိုရင်း အားလုံးမျှော်လင့်လိုလားတဲ့ အကောင်းရှေ့ရှုပြောင်းလဲမှုတွေနဲ့သာ ရင်ဆိုင်ကြရပါစေလို့ နှုတ်ခွန်းဆက် စကားလက်ဆောင်နဲ့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |