လစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နေရာအတွက် အစားထိုးတင်မြှောက်နိုင်ဖို့ ဒုတိယသမ္မတလောင်း တစ်ဦးကို မနက်ဖြန်မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွေးချယ်မှာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက မနက်ဖြန် အစီအစဉ်အကြောင်း လွှတ်တော်မှာ အခုလို ပြောပါတယ်။
"လစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတရာထူးနေရာ ဖြည့်စွက်နိုင်ရေးအတွက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတလောင်းတစ်ဦး ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက် သောကြာနေ့တွင် ကျင်းပပြုလုပ်ရန် သတ်မှတ်အကြောင်းကြားထားပါကြောင်း နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချင်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄ နဲ့အညီ ကြေညာပါတယ်"
သမ္မတ ဦးထင်ကျော်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားတာဖြစ်တဲ့ အတွက် အဲဒီအစုအဖွဲ့က ဒုတိယသမ္မတလောင်းတစ်ဦး ပြန်လည်တင်မြှောက်ရမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (ခ)အရ လစ်လပ်သွားတဲ့ သမ္မတနေရာကို ၇ ရက်အတွင်း ဖြည့်စွက်နိုင်ရေး ဆောင်ရွက်ရမယ်ဆိုပြီး ပြဌာန်းထားပါတယ်။
စိစစ်ရေးအဖွဲ့တွေက စိစစ်ထားတဲ့အထဲက ဒုတိယသမ္မတလောင်းတစ်ဦးကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့နဲ့ သမ္မတနေရာကို မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။
သမ္မတလောင်းနေရာအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် ဖြစ်လာမယ်လို့ ခန့်မှန်းကြပါတယ်။