လွှတ်တော် ကိုယ်စားလှယ် အ သစ်တွေ နေပြည်တော်ရောက်ရှိ
လာမယ့်ဖေဖေါ်ဝါရီလ ၁ ရက်နေ့ လွှတ်တော်အသစ်အစည်းအဝေးတွေကို တက်ရောက်မယ့် လွှတ်တော်ကိုယ်စား လှယ်တွေဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို ရောက် ရှိနေကြပြီး မနက်ဖြန်မှာ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်တွေ မှာ တက်ရောက်လေ့လာကြမှာဖြစ်ပါတယ်။
-
2016-01-26 -
-
-
လာမယ့်ဖေဖေါ်ဝါရီလ ၁ ရက်နေ့ လွှတ်တော်အသစ်အစည်းအဝေးတွေကို တက်ရောက်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို ရောက်ရှိနေကြပြီး မနက်ဖြန်မှာ အမျိုးသား နဲ့ ပြည်သူ့လွှတ်တော်တွေမှာ တက်ရောက်လေ့လာကြမှာဖြစ်ပါတယ်။
မနေ့ကစပြီး ရောက်ရှိလာကြတဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာတွေ ထုတ်ပေးနေတယ်လို့ အန်အယ်လ်ဒီပါတီက မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်မောင် က ပြောပါတယ်။
"သူ့တို့ဆီကိုရောက်တဲ့အကြောင်း သတင်းပို့ရတယ်၊ သတင်းပို့တဲ့အခါ သူတို့တွေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အသိအမှတ်ပြုလွှာထုတ်ပေးတယ်၊ နောက်သူတို့ အခန်းတွေ နေရာချတယ်၊ ၂၅ နဲ့ ၂၆ နှစ်ရက်ကတော့ အားလုံးလူစုံအောင်စောင့်တယ်၊ ပြည်သူရော အမျိုးသားရော အခန်းတွေ အကုန်လုံးစေ့သွားပြီ၊ ဒီနေ့တော့ အကုန်လုံးရောက်ကြမယ်ထင်ပါတယ်"
လွှတ်တော်ကိုယ်စားလှယ်အသစ်တွေဟာ မနက်ဖြန် ဇန်နဝါရီလ ၂၇ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၂ရက်ကြာ သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှာ တက်ရောက်လေ့လာကြမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၂၅၅ ဦး၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ၃၀ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၁၂ ဦး စတဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ် ၃၂၂ ဦးနဲ့ တစ်သီးပုဂ္ဂလ ၁ဦး စုစုပေါင်း ၃၂၃ဦး တက်ရောက်မှာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၁၃၅ ဦး၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ၁၁ဦး၊ ရခိုင်အမျိုးသားပါတီက ၁ဝ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၃ဦး စတဲ့ နိုင်ငံရေးပါတီ ၉ပါတီက ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ တစ်သီးပုဂ္ဂလ ၂ဦး စုစုပေါင်း ၁၆၈ ဦး တက်ရောက်ရမှာဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးကို စတင်ကျင်းပမှာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေလည်း နေပြည်တော်လွှတ်တော်တွေမှာ လာရောက်လေ့လာကြမှာဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကတော့ ဖေဖော်ဝါရီလ ၈ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။