မယ်တော်ဆေးခန်းသစ် ဖွင့်ပြီ
2016.05.28

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှာအခြေစိုက်တဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ ခုတင် ၁၄ဝ ဆန့် မယ်တော် ဆေးခန်းသစ်ကို ဒီနေ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဆေးခန်းသစ်ဖွင့်ပွဲကို မဲဆောက်မြို့မှာရှိတဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ၊ မြန်မာအစိုးရဘက်က ပြည်နယ် ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက ခေါင်းဆောင်တွေ တက်ရောက်ကြတယ်လို့ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။
"ကျမတို့ အဆောင်သစ်ဖွင့်ပွဲ အခမ်းအနား အစီအစဉ်ကို မဲဆောက်မှာရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ပြည်တွင်းမှာရှိတဲ့ ပြည်နယ်အစိုးရ ကိုယ်စားလှယ်တွေ၊ ဦးကျော်သူ နာရေးကူညီမှုအသင်းနဲ့ ဦးမင်းကိုနိုင် တို့ ဆရာမညိုညိုသင်း တို့ တက်ရောက်ကြပါတယ်"
မယ်တော်ဆေးခန်းကို လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ထိုင်း - မြန်မာ နယ်စပ်ဖက်ကို ရွှေ့ပြောင်းလာကြတဲ့ လူနာပေါင်း တစ်သိန်းခွဲခန့်ကို နှစ်စဉ် ကျန်းမာရေး စောင့်ရှောက် ကုသပေးနေတာ ဖြစ်ပါတယ်။
ဆေးခန်းမှာ အထွေထွေရောဂါတွေကို အဓိကထား ကုသပေးနေတာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ အဟာရချို့ တဲ့ ကလေးငယ်တွေ ၊ ကူးစက်ရောဂါတွေနဲ့ ထိခိုက်ဒဏ်ရာ ရမူတွေကို အများဆုံး ကုသပေးရတယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။
လူနာတွေ အရေးပေါ်အခြေအနေမှာရှိရင်တော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဆေးရုံတွေကို သာမက မြန်မာနိုင်ငံ မြဝတီမြို့က ဆေးရုံတွေကိုပါ လွှဲပြောင်းပေးရတာတွေရှိတယ်လို့ ပြောပါတယ်။
ဒီဆေးခန်း ရေရှည် ရပ်တည်နိုင်ဖို့ဆိုရင် ငွေကြေးထောက်ပံ့မူအပိုင်း၊ နည်းပညာပိုင်းသာမက ထိုင်း မြန်မာ နယ်စပ်က လူနာတွေ သွားလာ နေထိုင်ရေးလွယ်ကူစေဖို့အတွက် သက်ဆိုင်ရာ အစိုးရပိုင်းရဲ့ ကူညီထောက်ပံ့မူ လိုအပ်တယ်လို့ ပြောပါတယ်။
ဆေးခန်းသစ်ဖွင့်ပွဲနဲ့အတူ မနက်ဖြန်မှာ ကျင်းပမယ့် စာပေဟောပြောပွဲမှာ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၊ နာရေးကူညီမူအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီတို့က ဟောပြောကြမှာဖြစ်ပါတယ်။