ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်သိမ်းခံတောင်သူ များ လျော်ကြေးစတင်ရရှိ

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ကျည်စု အရှေ့ကျေးရွာမှာ မက်စ်မြန်မာ ကုမ္ပဏီက သိမ်းယူထားတဲ့ ဧက ၄ဝဝ နီးပါးရှိတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေး အဖြစ် ကုမ္ပဏီဘက်ကနေ လယ်တစ်ဧကကို ကျပ်ငွေ သိန်း ၂ဝ နှုန်းနဲ့ မနေ့က ပေးလျော်ခဲ့တယ်လို့ သိရပါတယ်။

မက်စ်မြန်မာ ကုမ္ပဏီကနေ ဒေသခံ တောင်သူတွေကို ခုလိုလျော်ကြေးငွေ ပေးအပ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံ တောင်သူတစ်ဦးဖြစ်တဲ့ ဦးဝင်းဌေးက RFA ကို အခုလို ပြောပါတယ်။

"မနေ့တုန်းက ကျနော်တို့ လယ်သမားတွေကို လျော်ကြေးပေးပါတယ်ခင်ဗျ၊ တစ်ဦးကို လယ်တစ်ဧကကို သိန်း နှစ်ဆယ်နှုန်းနဲ့ ဘဏ်စာချုပ်ချုပ်ပါတယ်၊ စုစုပေါင်း ၂၈ သိန်းနှုန်းနဲ့ ဖြတ်တဲ့နေရာမှာ ၈ သိန်းက မုန့်ဖိုးအဖြစ်နဲ့ လာမယ့်အင်္ဂါနေ့မှာ သူတို့ပေးပါမယ်ခင်ဗျ၊ သိန်း ၂ဝ နှုန်းနဲ့ ဘဏ်စာအုပ်တွေ ဖွင့်ပေးပါတယ်ခင်ဗျ၊"

မက်စ်မြန်မာ ကုမ္ပဏီဟာ အဲဒီလယ်တွေအတွက် လျော်ကြေးအဖြစ် မူလက တစ်ဧကကို ကျပ်ငွေ ၂၈ သိန်းနှုန်းပေးလျော်ဖို့ သဘောတူထားခဲ့ပေမယ့် အဲဒီဒေသမှာ လယ်တွေသိမ်းယူထားတဲ့ တခြားကုမ္ပဏီတွေရဲ့ ကန့်ကွက်မှုကြောင့် အခုလို လယ်တစ်ဧကကို ကျပ်သိန်း ၂ဝ နှုန်းဘဲ ပေးလျော်ခဲ့တာဖြစ်ပြီး ကျန်ငွေ ၈ သိန်းကိုတော့ အပိုကြေးအဖြစ် ပေးသွားဖို့ရှိတယ်လို့ လယ်သိမ်းခံ တောင်သူတွေက ပြောပါတယ်။

ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွေမှာရှိတဲ့ ဧကသောင်းချီတဲ့ လယ်မြေတွေကို မက်စ်မြန်မာ၊ ဧဒင်၊ မြင့်ဇေယျာ၊ ဆင်းရွှေလီ၊ ပင်လယ်ကိုးသွယ်၊ ဒဂုံအင်တာနေရှင်နယ်စတဲ့ ကုမ္ပဏီ ၁၆ ခုက အကျိုးတူပေါင်းစည်း လယ်ယာစနစ် အကောင်ထည်ဖော်ဖို့ဆိုပြီး ၂ဝဝ၈ ခုနစ်က သိမ်းယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလယ်ယာမြေတွေ သိမ်းယူခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ မက်စ်မြန်မာ ကုမ္ပဏီက ပထမဆုံးအကြိမ် လျော်ကြေးငွေပေးခဲ့တာဖြစ်ပါတယ်။