ဧပြီတစ်လတည်းမှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်သူ ၁၄၀၀ ဝန်းကျင် ဖမ်းဆီးခံရ

2022.04.28
ဧပြီတစ်လတည်းမှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်သူ ၁၄၀၀ ဝန်းကျင် ဖမ်းဆီးခံရ ထိုင်းနိုင်ငံတွင် ဂေါ်ဖီထုပ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသားများ ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဖမ်းဆီးခံရစဥ်
Photo: วันนี้ที่แม่สอด อ.แม่สอด
ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင်ထဲက မြို့နယ် ငါးမြို့နယ် ငါးနေရာမှာ ဧပြီလ ၂၈ ရက်နေ့ တစ်ရက် တည်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀ ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ က ဖမ်းဆီးခဲ့ပါတယ်။
 
ဧပြီလ ၂၈ ရက်နေ့ တစ်ရက်တည်းမှာပဲ တာခ့်ခရိုင် မဲဆောက်၊ ဖုတ်ဖရ၊ မယ့်လမတ်၊ ထဆောင် ယန်း၊ ဝမ်ကျောက် စတဲ့မြို့နယ် ငါးခုအတွင်း ကားရှစ်စီးမှာ ပါလာတဲ့ တရားမဝင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၁၅၄ ဦး ဖမ်းဆီး ခံခဲ့ရတာ ဖြစ်တယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။ သူတို့ဟာ သီးနှံတင်တဲ့ကားတွေ၊ ဆောက်လုပ်ရေးကားတွေနဲ့ ဝင်လာတာလို့လည်း ပြောပါတယ်။
 
ဧပြီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၀၀ လောက် ဖမ်းဆီး ခံခဲ့ရပြီး ထိုင်းမြန်မာ နယ်စပ်ဂိတ်တွေ မဖွင့်မချင်းတော့ တရားမဝင် ခိုးဝင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
 
မနေ့က ဧပြီလ ၂၇ ရက်နေ့ကလည်း တာခ့်ခရိုင် ဖုတ်ဖရမြို့နယ်ထဲကို ဝင်လာတဲ့ ဂေါ်ဖီထုပ် တင်တဲ့ကားနဲ့ လိုက်ပါလာတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး ဖမ်းဆီးခံ ရပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် အလုပ်အကိုင် ရှားပါးလာ တာတွေကြောင့် အခုလို ပွဲစားတွေကတစ်ဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင် ရောက် လာကြပြီး အစုလိုက် အပြုံလိုက် ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။