ရွေးကောက်ပွဲ ကော်မရှင်ကို NLD က အကြံပြုချက် ပေးပို့


2014.07.21
unyanwin-305.jpg ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ NLD ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်း လင်းနေသော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားတဲ့ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်တွေမှာ မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ ပေးသင့်ကြောင်း နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ထမ်းဆောင်သူတွေဟာ နိုင်ငံရေးပါတီကနေ ၅ နှစ် ကင်းလွတ်သူတွေဖြစ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ သဘောထားထုတ်ပြန်လိုက် ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က လုပ်ပိုင်ခွင့်အပြည့်ယူ ထားတာကို ပြုပြင်ဖို့လိုအပ်တဲ့အတွက် ကြေညာချက် ထုတ်ပြန်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

"ကျနော်တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကို နည်းဥပဒေတွေမှာ ပြင်သင့်တဲ့ဟာတွေတင်ထား တယ်၊ အဲဒီပြင်သင့်တဲ့ဟာတွေဟာ ဘာတွေလဲဆိုတာ ကို ပြည်သူကိုအသိပေးတဲ့ ကြေညာချက်ပါ၊ လုပ်ပိုင်ခွင့် ကိုလည်း ကော်မရှင်က အတည်ပြုတယ်၊ အဲဒီတက်လာမယ့်သူက ဘယ်သူလဲဆိုတာ ကျနော်တို့မသိဘူး၊ အဲဒီ လို ပြည်သူတွေကို အသိမပေးဘဲနဲ့ ထည့်ထားတဲ့အဓိပ္ပာယ်ရောက်တယ်၊ ပြည်သူ့လွှတ်တော်ကနေ ဒီနေ့နှုတ် ထွက်တယ်၊ နောက်နေ့ကော်မရှင်ပြန်ဖြစ်တယ်၊ ပါတီနဲ့လည်း အဆက်မပြတ်ဘူး၊ ကျနော်တို့က ကင်းရှင်းတဲ့ လူများကို လိုချင်တယ်"

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရက်ပေါင်း ၃၀ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် မဲရုံအတွင်းကို ဝင်ခွင့်ရမယ့်သူတွေထဲမှာ ‘ကော်မရှင်က ခွင့်ပြုထားသူများ’ ဆိုတဲ့ မရေရာတဲ့ အသုံးအနှုန်းတွေ၊ ပယ်မဲသတ်မှတ်ရာမှာလည်း ‘ကော်မရှင်က ပယ်မဲအဖြစ်သတ်မှတ်ရန် ထုတ်ပြန်ထားတဲ့ ဆန္ဒမဲလက်မှတ်တွေ’ ဆိုတဲ့ မရေမရာအသုံးအနှုန်းတွေဟာ အငြင်းပွားစရာဖြစ်တဲ့အတွက် ပြင်ဆင်ဖို့လိုအပ်ကြောင်း အန်အယ်လ်ဒီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ ညွှန်ကြားချက်ကို ပြင်ဆင်ဖို့ အချိန်ရှိသေးတာကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆန္ဒရှိပါက ပြင်ဆင်ရမှာဖြစ်ကြောင်းလည်း ဖေါ်ပြပါရှိပါတယ်။

NLD  ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။