လွှတ်တော်အတွက် NDF ပါတီ စတင်ပြင်ဆင်
2010.12.22

အဖွဲ့ဝင် ၁၈ ဦး ပါဝင်တဲ့ လွှတ်တော်ရေးရာ ကော်မတီကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပြီး၊ လွှတ်တော်တွင်း ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေကို ကြာသပတေးနေ့တိုင်း တိုင်ပင် ဆွေးနွေးသွားမယ်လို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
“လွှတ်တော် ကော်မတီက လူ ၁၈ ဦးနဲ့ ဖွဲ့ပါတယ်။ ဥပဒေအဖွဲ့က ၃ ယောက်၊ ပါတီဖက်က ၃ ယောက်၊ ကျန်တဲ့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေပေါ့ဗျာ၊ အနိုင်ရထားတဲ့ ၁၂ ယောက်နဲ့ ကျွန်တော်တို့ ဖွဲ့လိုက်ပါတယ်။ အားလုံးပေါင်း ၁၈ ယောက်ပေါ့။ အဲဒါက ကျွန်တော်တို့ အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ အစည်းအဝေးခေါ်ပြီးတော့ လွှတ်တော်ထဲမှာ လုပ်ရမဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ စုပေါင်းဆွေးနွေးပြီးတော့ အပတ်စဉ် ဆုံးဖြတ်ချက်ပေါ့ဗျာ၊ ဘာလုပ်မယ် ရှေ့လုပ်ငန်းစဉ်တွေ ချမှာပါ။”
NDF ပါတီအနေနဲ့ လွှတ်တော်အတွင်း ဥပဒေမူကြမ်း တင်သွင်းနိုင်ရေးအတွက် အဆိုပြုချက် ၃၅ ချက်ကို ပြင်ဆင်ထားပြီး၊ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ စီးပွားရေးနဲ့ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး အပါအဝင် အချက် ၁၀ ချက်ကို ဦးစားပေး ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
လွှတ်တော် ဘယ်တော့ခေါ်ယူမယ်ဆိုတာ တရားဝင် မကြေညာသေးပေမဲ့ အတည်ပြုလို့ မရသေးတဲ့ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်နဲ့ နီးစပ်တဲ့ သတင်းတရပ်အရတော့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်ခေါ်ယူဖို့ စစ်အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။ လွှတ်တော်တွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်အမတ်အများစု လွှမ်းမိုးထားမှာ ဖြစ်ပေမဲ့ NDF အနေနဲ့ အများပြည်သူအတွက် တင်သွင်းသင့်တဲ့ ဥပဒေကြမ်းတွေ အသေးစိတ် ပြင်ဆင်နိုင်အောင် ဒီကော်မတီက ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ သန်းဝင်းက ပြောပါတယ်။
“လွှတ်တော်ပေါ်လာရင် လုပ်မဲ့ဟာတွေကို ကြိုတင် ပြင်ဆင်ထားတာပါ။ လွှတ်တော် ပေါ်လာရင် ဘယ်လို ပုံသဏ္ဍာန်နဲ့ ဖြစ်လာမယ်တော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ကြိုတင် ပြင်ဆင်ထားတဲ့ သဘောပေါ့နော်။ တင်သင့်တဲ့ ဥပဒေကြမ်းတွေ တင်သွင်းတယ်၊ ပြည်သူအတွက် ဘယ်လို အကျိုးပြုမဲ့ ဥပဒေကြမ်းတွေ ရှာဖွေတယ်ပေါ့။ ဘယ်ဥပဒေကြမ်းတွေက ပြည်သူလူထုအတွက် အကျိုးရှိမယ်၊ တတိုင်းပြည်လုံး ပြည်သူလူထုအတွက်၊ အဲဒါတွေကို ကျွန်တော်တို့က ဆွေးနွေးကြပြီးတော့ ကျွန်တော်တို့က စဉ်းစားထားတာပေါ့၊ ခုလောလောဆယ်တော့။”
NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတချို့နဲ့ ထူထောင်ထားတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဟာ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၁၆၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ၁၆ ဦး အနိုင်ရရှိခဲ့ပါတယ်။
NDF လွှတ်တော်ရေးရာ ကော်မတီနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |