NDF ပါတီမှ ပြည်သူလူထု သဘောထားအမြင် ကောက်ယူ
2013.01.25

ပြည်သူတွေအနေနဲ့ သမ္မတနဲ့ လွှတ်တော်အပေါ် ဘယ်လိုမြင်လဲ၊ စစ်တပ်နဲ့ ရဲဘက်ဆိုင်ရာ ဝန်ထမ်းတွေက ပြည်သူတွေအပေါ် ဘယ်လိုပြုမူဆောင်ရွက်လဲ စတဲ့ အထွေထွေစစ်တမ်းကောက်နေတာလို့ NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက RFA ကို အခုလိုပြောပါတယ်။
"ကျွန်တော်တို့ပါတီက မြို့နယ်တွေမှာ ပြည်သူ့စစ်တမ်းကောက်ယူနေပါတယ်၊ လောလောဆယ် ၁၀ မြို့နယ် ပြီးသွားပြီ၊ အဲဒီထဲမှာ လက်ရှိအုပ်ချုပ်ရေး လုပ်နေတဲ့အပေါ် သဘောကျရဲ့လား၊ လွှတ်တော်ရဲ့ အခင်းအကျင်းက ဘယ်လိုလဲ ပြည်သူကို အကျိုးပြုရဲ့လား၊ သမ္မတအပေါ် ဘယ်လိုအမြင်ရှိသလဲ၊ ပြည်သူတွေ ဘာတွေခံစားနေရလဲ၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အခွန်အကောက်တွေနဲ့ အထွေထွေအုပ်ချုပ်ရေးကဏ္ဍနဲ့ ဆက်စပ်ပြီး အလုပ်လုပ်နေတဲ့ဟာတွေမှာ ဘယ်လိုခံစားချက်တွေရှိသလဲ၊ ရဲတွေကရော ပြည်သူတွေအပေါ် ဘယ်လိုဆက်ဆံသလဲ စသဖြင့်ပေါ့"
ပထမသီတင်းပတ်မှာ ပတ်ဝန်းကျင်ဆိုင်ရာ ပြည်သူ့သဘောထားစစ်တမ်းကို ကောက်ယူပြီး၊ အဲဒီနောက် အထွေထွေစစ်တမ်းကောက်တာ လို့ဆိုပါတယ်။
ဒီလုပ်ငန်းကို ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပြင် အခြားတိုင်းနဲ့ ပြည်နယ်က သူတို့ပါတီရုံးခွဲရှိတဲ့ မြို့နယ်ပေါင်း ၄၀ ကျော်မှာ ကောက်ယူသွားမယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
ရရှိတဲ့ပြည်သူ့ဆန္ဒတွေကို အနှစ်ချုပ်ပြီး လွှတ်တော်မှာ ဆွေးနွေးတင်ပြသွားမှာဖြစ်သလို၊ နှစ်စဉ်လဲ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။