NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း ကွယ်လွန်
2014.05.21

အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသက် (၇၆) နှစ်ဟာ ဒီနေ့ မနက် ၆ နာရီခွဲလောက်က ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးမှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ဒေါက်တာသန်းငြိမ်းဟာ အသည်းကင်ဆာရောဂါ ကို ထောင်ထဲမှာတင်ခံစားခဲ့ရတာဖြစ်ပြီး စင်္ကာပူနိုင်ငံ ကို ၁၃ ကြိမ်လောက် သွားရောက်ကုသခဲ့ရတယ် လို့ ဒေါက်တာသန်းငြိမ်းရဲ့ညီဖြစ်သူ ဦးကြည်သန်း က ပြောပါတယ်။
ဒေါက်တာသန်းငြိမ်းဟာ ၁၉၈၈ အရေးအခင်းကာလမှာ လှုပ်ရှားပါဝင်ခဲ့သလို ကျောက်တန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကနေ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူ တစ်ဦးဖြစ် ပါတယ်။
၁၉၉၇ ခုနှစ်ခုနှစ်မှာ စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့ပြီး အင်းစိန်၊ ပြည်၊ ပေါင်းတည်ထောင်တွေမှာ အကျဉ်းကျခံခဲ့ရပါတယ်။၂၀၀၈ ခုနှစ်မှာတော့ ထောင်ကလွတ်လာပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မှတ်ပုံထပ်တင်ဖို့နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။၂၀၁၀ ဇွန်လမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထွက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီကို ထူထောင်ခဲ့သူတွေမှာ ပါဝင်ခဲ့ပါတယ်။
ဒေါက်တာသန်းငြိမ်းရဲ့ဈာပနအခမ်းအနားကို လာမယ့် မေလ ၂၃ ရက်နေ့ ရေဝေးသုသာန်မှာ ကျင်းပမယ်လို့ သိရပါတယ်။