အပစ်ရပ်စဲရေးစာချုပ်ရရှိဖို့ ရာနှုန်းပြည့်နီးပါး နီးစပ်ပြီ - NCCT
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ကြိုးပမ်းနေကြတဲ့ အစိုးရအဖွဲ့ UPWC နဲ့ တိုင်းရင်း သားတွေရဲ့NCCT အဖွဲ့တို့ရဲ့ဆွေးနွေးပွဲ ဒီနေ့ ပြန် လည်စတင်ခဲ့ကြရာမှာ အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းမှာပါဝင်တဲ့ အချက်အားလုံးကို သဘောတူညီ မှု ရရှိခဲ့ပါတယ်။
-
2015-03-30 -
-
-
Your browser doesn’t support HTML5 audio
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ကြိုးပမ်းနေကြတဲ့ အစိုးရအဖွဲ့ UPWC နဲ့ တိုင်းရင်း သားတွေရဲ့NCCT အဖွဲ့တို့ရဲ့ဆွေးနွေးပွဲ ဒီနေ့ ပြန်လည် စတင်ခဲ့ကြရာမှာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း မှာပါဝင်တဲ့ အချက်အားလုံးကို သဘောတူညီမှု ရရှိ ခဲ့ပါတယ်။
ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ ရာခိုင်နှုန်းပြည့်နီးပါး နီးစပ်နေပြီလို့ NCCT ဒုတိယခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောပါတယ်။
"သဘောတူတယ်ဆိုတာ အဲဒီ့စာတမ်းမှာပါဝင်တဲ့ အချက်လက်တွေ အားလုံးအပေါ်မှာ နှစ်ဖက်ညှိနှိုင်း ပြီးတော့မှ သဘောတူသွားပြီ၊ ဒီသဘောတူညီမှုက UPWC နဲ့ NCCT အဆင့်မှာ ဒါကတော့ ပထမ အဆင့်ပေ့ါဗျာ၊ ဒါပေမဲ့ အစိုးရဘက်က ပြောမယ် ဆိုရင်တော့ သူတို့က သူတို့ခေါင်းဆောင်တွေနဲ့ အမြဲတမ်းအဆက်အသွယ်ယူနေတော့ ဒါကတော့ သူတို့ဘက်က လုံးဝကိုအတည်လက်ခံနိုင်ပေမဲ့ အန်ကယ် တို့ဘက်က ဒီအချက်အလက်တွေကို ထိပ်သီးခေါင်းဆောင်တွေကို ပြန်တင်ပြရမယ်၊ ဟိုမှာအတည်ပြုချက်ပြန် ယူရမယ်"
နှစ်ဘက်ခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းထဲမှာ ပါဝင်တဲ့အချက်တွေကို မနက်ဖြန် အချောသတ်ဆွေးနွေးမှာဖြစ်ပြီး စာချုပ်မူကြမ်းကို သဘောတူ လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အသိသက်သေအဖြစ် တက်ရောက်မယ့်သူတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးကြမယ်လို့ သိရပါတယ်။
NCCT အဖွဲ့ဝင်တွေက ၇ ကြိမ်မြောက် ဆွေးနွေးပွဲကနေ ရရှိလာတဲ့သဘောတူညီချက်တွေကို သူတို့ရဲ့ထိပ်သီးခေါင်းဆောင်တွေထံတင်ပြပြီး အတည်ပြုချက်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက UPWC နဲ့ NCCT အဖွဲ့တို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒီနေ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
NCCT ဒုတိယခေါင်းဆောင် ဦးနိုင်ဟံသာ ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထား ပါတယ်။