၂၁ ပင်လုံညီလာခံကို မေလမကုန်ခင် ကျင်းပဖို့ ညှိနှိုင်းထား


2018.04.22
nca-s-eao-govt-622.jpg NCA-S EAO နှင့် အစိုးရတို့၏ လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ကျင်းပစဉ်
Photo: Myo Win - facebook

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် မေလမကုန်ခင်မှာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဖို့ အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ရဲ့ နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲမှာ ညှိနှိုင်းထားပါတယ်။

မေလမကုန်ခင် ညီလာခံ ကျင်းပနိုင်ရေး ကြိုးပမ်းသွားဖို့ နှစ်ဖက်အဖွဲ့အကြား နားလည်မှုရှိထားတယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်မှာ အစိုးရနဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

"မေလမကုန်ခင် အဲလောက် ရည်မှန်းပြီးတော့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ ဆောင်ရွက်သွားဖို့ကို အဲဒီနှစ်ဖက်က သဘောထားရှိကြတယ်။ ကျနော်တို့ အလွတ်သဘောမှာ ဆုံးဖြတ်ချက်ချဖို့က လုပ်နိုင်တဲ့ အခွင့်အာဏာမရှိဘူး လေ။ သို့သော်လည်း ဖြစ်သင့်တယ်လို့ ရည်မှန်းပြီးတော့ မေလမကုန်ခင်မှာ အဲဒါကို ရည်မှန်းပြီးတော့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို ဆောင်ရွက်သွားဖို့တော့ နှစ်ဖက်က နားလည်မှုရှိပြီး ဆောင်ရွက်သွားဖို့ သဘောထား ရှိတယ်။ ဖြစ်နိုင်ဖို့အတွက် လိုအပ်တဲ့လုပ်ငန်းတွေ လုပ်သွားဖို့ သဘောထားရှိတယ်"

အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက မပြေလည်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ဧပြီလ ၂၀ ရက်နေ့နဲ့ လုံခြုံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ဧပြီလ ၂၁ ရက်နေ့ မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

အခုလို အလွတ်သဘောဆွေးနွေးပွဲ ပြုလုပ်ရတာဟာ နောက်ပိုင်းမှာ ဆက်လက်ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်တဲ့ UPDJC ၊ JICM၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ၂၁ ရာစုပင်လုံကို အထောက်အကူပြုဖို့ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လက်ရှိအချိန်အထိ ရှမ်းနဲ့ ရခိုင်မှာ မကျင်းပနိုင်သေးတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့ဆက်ဖို့ ရပ်တန့်နေပြီး တတိယအကြိမ် ၂၁ ရာစုပင်လုံ ကျင်းပဖို့ ရက်အတိအကျ မသတ်မှတ်နိုင်သေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ်၂၁ ရာစုပင်လုံမှာ ဆွေးနွေးဖို့ မပြီးပြတ်သေးတဲ့ အချက်တွေကိုလည်း ဆက်လက်ဆွေနွေး သွားဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော တွေ့ဆုံပွဲမှာလည်း နှစ်ဖက်နားလည်မှုတွေကို စုစည်းပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ၊ DDR/SSR ခေါ် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေအပါအဝင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စတွေကို တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား နောက်ထပ် အလွတ်သဘောထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။