ကရင်ပြည်နယ် ဖာပွန်ခရိုင်တောင်ပိုင်းက KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော်က ဝင်ရောက်တပ်စွဲနေ တာဟာ NCA အပစ်ရပ်စာချုပ်နဲ့ နှစ်ဖက်သဘောတူညီချက် စာချုပ်ပါ စည်းကမ်းတွေကို ကျော်လွန်လုပ်ဆောင် ရာရောက်တယ်လို့ KNU တွဲဘက်အထွေထွေ အတွင်းရေးမှူး၂ ပဒိုစောလှထွန်းက ဒီနေ့ ပြောပါတယ်။
ဒီလဆန်းကတည်းက KNU နယ်မြေအတွင်း တပ်မတော်ဘက်က ဝင်ရောက်တပ်စွဲမှုတွေဟာ နှစ်ဖက်တပ်တွေ သွားလာလှုပ်ရှားဖို့ လမ်းကြောင်းသတ်မှတ်ထားတာတွေကို ကျော်လွန်နေတယ်လို့ KNU တွဲဘက်အထွေထွေ အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ ဒီဘက် Bi-literal အရလက်မှတ်ထိုးထားတဲ့ နှစ်ဖက်သဘောတူညီချက် စာချုပ်တွေအပေါ်မှာရော ၊ NCA အပေါ်မှာရော သဘောကတော့ ဒါတွေအခြေခံတာပေါ့နော်၊ အခုကတော့ ဒီနှစ်ဖက်တပ်တွေရဲ့ သွားလာဖို့ သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ပိုပြီးတော့လုပ်လာတဲ့ ပုံစံတွေပေါ့။ ဘောင်အပြင်ဘက်ကနေ ကျော်လာတဲ့သဘောပေါ့"
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ JMC-S ကို KNU ဘက်က စာရေးသားတင်ပြထားတယ်လို့ ပြောပါတယ်။
အပစ်ရပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ တိုက်ခိုက်မူ ပဋိပက္ခတွေဖြစ်လာရင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ JMC က စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်ရမယ်လို့ NCA စာချုပ်မှာ ပါရှိတဲ့အတွက် အဲဒီလမ်းကြောင်းအတိုင်း ဆောင်ရွက်သွားမယ်လို့ ပဒိုစောလှထွန်းက ပြောပါတယ်။
KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဒီခေးပူနဲ့ လယ်မှုပလောကြားမှာရှိတဲ့ လမ်းဟောင်းတွေကို တပ်မတော်က တိုးချဲ့ဖောက်လုပ်ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေမျိုးတွေ တွေ့ရပြီး တိုက်ပွဲကြီးတွေ မရှိပေမယ့် ပစ်ခတ်မှု အနည်းငယ်တော့ ရှိတယ်လို့ ပဒိုစောလှထွန်းက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ JMC-U အတွင်းရေးမှူး ၁ ဒေါက်တာရွှေခါးက ဒီလိုကိစ္စတွေကို ပြေလည်အောင်လုပ်ဖို့ဆိုရင် အင်အားသုံးတဲ့ တိုက်ပွဲနည်းလမ်းနဲ့ မဟုတ်ဘဲ နှစ်ဖက်တပ်တွေ အချင်းချင်း တွေ့ဆုံညှိနှိုင်းတဲ့နည်းနဲ့သာ ဖြေရှင်းဖို့လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိလာပေမယ့် အပစ်ရပ်နယ်မြေ၊ ထိန်းချုပ်နယ်မြေတွေ မသတ်မှတ်နိုင်သေးတာဟာ တိုက်ပွဲဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ခက်ခဲစေတယ်လို့ ပြောပါတယ်။
တပ်မတော်က မူတရော ခေါ် ဖာပွန်ခရိုင်တောင်ပိုင်းကို ဝင်ရောက်တပ်စွဲမူတွေကြောင့် အဲဒီဒေသမှာရှိတဲ့ ရွာသားတွေလည်း နေရပ်စွန့်ခွာပြီး လွတ်ကင်းရာကို တိမ်းရှောင်ရတာတွေ ရှိနေတယ်လို့ KNU တွဲဘက်အထွေထွေ အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက ပြောပါတယ်။