နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ဖို့ NCA လက်မှတ်ထိုးအဖွဲ့တွေ ဆွေးနွေးနေ

2022.03.29
နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ဖို့ NCA လက်မှတ်ထိုးအဖွဲ့တွေ ဆွေးနွေးနေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များ အစည်းအဝေးကို ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: NCAS EAO

လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းအပေါ် သဘောထားအမြင်တွေ စုစည်းပြီး နိုင်ငံရေး လမ်းပြမြေပုံတစ်ခု ချမှတ်နိုင်ဖို့အတွက် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ဆွေးနွေးနေကြတယ်လို့ ABSDF မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒု-ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောပါ တယ်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေရဲ့ ညီလာခံကို ဒီကနေ့ မတ်လ ၂၉ ရက်ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ငါးရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေအကြား ပိုမိုခိုင်မာအားကောင်းတဲ့ စုဖွဲ့မှု တစ်ခုဖြစ်လာဖို့လည်း ဒီညီလာခံကနေ ရည်မှန်းထားတယ်လို့လည်း ရဲဘော်မျိုးဝင်းက မနေ့က PPST အဖွဲ့ထုတ် ပြန်ချက်ထဲမှာ ထည့်သွင်းပြောကြားထားတာပါ။

အဲဒီညီလာခံဟာ ၂၀၁၉ ခုနှစ်အတွင်းက မပြီးပြတ်သေးတဲ့ ညီလာခံရဲ့ ဒုတိယပိုင်းအနေနဲ့ ကျင်းပတာဖြစ်ပြီး ကြားကာလမှာ Covid-19 ကူးစပ်ပျံ့နှံ့မှု နဲ့ စစ်အာဏာသိမ်းမှု အကျပ် အတည်းတွေကြောင့် သုံးနှစ်နီး ပါးကြာမှ ပြန်လည်ကျင်းပနိုင်တာ ဖြစ်ပါတယ်။

ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာ အပါအဝင် NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီညီလာခံကို မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်၊ ဖင်လန် သံအမတ်၊ နော်ဝေ သံအမတ်၊ ဆွစ်ဇာလန်နိုင်ငံ လူသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ USAID ယာယီဌာနေကိုယ်စားလှယ်၊ သြစတြေးလျ သံတမန်တစ်ဦးနဲ့ အီတလီနိုင်ငံက သံတမန် တစ်ဦးတို့လည်း တက်ရောက်ခဲ့တယ်လို့ NCA လက်မှတ်ထိုး အဖွဲ့အစည်းတွေက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။