NCA ရှစ်နှစ်မြောက်ကျင်းပ၊ မထိုးရသေးတဲ့အဖွဲ့တွေ လက်မှတ်ထိုးဖို့ စစ်ခေါင်းဆောင်ဖိတ်ခေါ်

RFA Burmese
2023.10.15
NCA ရှစ်နှစ်မြောက်ကျင်းပ၊ မထိုးရသေးတဲ့အဖွဲ့တွေ လက်မှတ်ထိုးဖို့ စစ်ခေါင်းဆောင်ဖိတ်ခေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားစဉ်။
STR / AFP

NCA စာချုပ်မှာ လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဆယ်ဖွဲ့ရှိနေပြီး ကျန်တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း NCA မှာ လက်မှတ်ရေးထိုးကြဖို့ ဖိတ်ခေါ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက် နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC II) မှာ ကျင်းပနေတာဖြစ်ပြီး အဲဒီအခမ်းအနားမှာ ထည့်သွင်းပြောခဲ့တာပါ။

"လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆယ်ဖွဲ့ရှိပြီးဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ ကျန်တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြဖို့ ဖိတ်ခေါ်ပါတယ်"

ဒီနေ့အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကတော့ မတက်ရောက်ခဲ့ပါဘူး။

ဒါပေမဲ့ ဒီနေ့အခမ်းအနားကို KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ABSDF ဒုဥက္ကဋ္ဌ ရဲဘော် မျိုးဝင်းတို့ တက်ရောက်ခဲ့ပြီး သူတို့ကတော့ NCA လက်မှတ်ရေးထိုးစဉ်က ပါဝင်ခဲ့တဲ့ ခေါင်ဆောင်တွေအနေနဲ့ တက်ရောက်တာ ဖြစ်ပါတယ်။

KNU ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ NCA အတွက် တက်ကြွစွာပါဝင်ခဲ့ပေမယ့် စစ်ကောင်စီဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖျက်ဆီးလိုက်ပြီဖြစ်တဲ့အတွက် NCA စာချုပ် လုံးဝမရှိတော့ဘူးလို့ အောက်တိုဘာလ ၁၅ ရက် ဒီနေ့မှာပြောထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီကတော့ စစ်ကောင်စီဘက်ကဖိတ်ပေမယ့် NCA က ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် မတက်တာဖြစ်တယ်လို့ RFA ကို ပြောထားပါတယ်။

အခမ်းအနားမတက်ရောက်တဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သဘောထားအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ဖြစ်တဲ့ KNU၊ KNU/ KNLA-PC)၊ DKBA၊ CNF၊ PNLO၊ ABSDF၊ ALP နဲ့ RCSS ပါဝင်ပြီး စတင် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ပါ လက်မှတ်ရေးထိုးခဲ့တာကြောင့် NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ ဆယ်ဖွဲ့ ရှိလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။