လွှတ်တော်ကို ဒရုန်းနဲ့ မှတ်တမ်းယူဖို့ ကြိုးပမ်းသူတွေကို အမှုဖွင့်
2017.10.28

နေပြည်တော် လွှတ်တော်အဆောက်အအုံကို Drone ဒရုန်းနဲ့ မှတ်တမ်းရိုက်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ တူရကီသတင်းဌာန တစ်ခုရဲ့ သတင်းထောက် ၂ ဦးအပါအဝင် ၄ ဦးကို သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ (၈)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ပျဉ်းမနားအချုပ်မှာ စစ်ဆေးနေတဲ့အတွက် တွေ့ခွင့်မပေးသေးဘူးလို့ စကားပြန်အဖြစ် လိုက်ပါခဲ့တဲ့ ကိုအောင်နိုင်စိုးရဲ့ မိသားစုကိုယ်စား လိုက်လံဆောင်ရွက်နေတဲ့ ကိုရဲထူးက ပြောပါတယ်။
"ရန်ကုန်ကနေ နေပြည်တော်ရောက်ရောက်ချင်း ကျနော်တို့ အမှတ် (၅) ရဲစခန်းကို သွားတယ်။ စခန်းမှူးနဲ့ သွားတွေ့တယ်။ သွားတွေ့တော့ သူက လက်ရှိ ရမန်ယူဖို့ လုပ်နေတယ်။ ကေ့စ်ကတော့ ကျနော်တို့ တည်ဆောက်ထားတဲ့ အမှုကတော့ ပို့ကုန် သွင်းကုန် ဥပဒေနဲ့ အမှုတည်ဆောက်ထား တယ်ပြောတယ်။ စခန်းမှူးကပေါ့နော်။ အခု ပျဉ်းမနားအချုပ်မှာ ချုပ်ထားတယ်လို့ ကျနော်တို့ ကြားရတယ်ပေါ့နော်။ ကြားရတော့ ကျနော်တို့ ပျဉ်းမနားအချုပ်ကို လာပြီးတော့ သူ့မိဘနှစ်ပါးတွေ့ဖို့ ကြိုးစားတဲ့အခါမှာတော့ စစ်ကြောရေး ဝင်နေတဲ့အတွက် တွေ့ခွင့်မပေးနိုင်သေးဘူးလို့ ပြောပါတယ်။ အဲတော့ ကျနော်တို့ တစ်ရက် နှစ်ရက်နေပြီးရင်တော့ တွေ့ခွင့်ရမယ်လို့ သူတို့ဘက်က ပြောပါတယ်။ ဒါကတော့ စခန်းမှူးပြောတာပါ"
တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲက မလေးရှားနိုင်ငံသူတစ်ဦး၊ စင်ကာပူနိုင်ငံသား တစ်ဦး၊ မြန်မာနိုင်ငံသားစကားပြန် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦးကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနအနီး ဒရုန်းတစ်စင်း လွှတ်တင်နေစဉ် မနေ့က မနက် အမှတ် ၅ ရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့ တာဖြစ်ပါတယ်။ အဲဒီနောက် အမှတ် ၁ ရဲစခန်းကို ပြောင်းရွှေ့လိုက်တယ်လို့လည်း သိရပါတယ်။
ကနဦးစစ်ဆေးချက်အရ မြန်မာနိုင်ငံရဲ့ရှုခင်း၊ အဆောက်အအုံတွေ၊ ဘုရားစေတီနဲ့ လွှတ်တော်အဆောက် အအုံတွေကို ရိုက်ကူးတာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ပြည်ပနိုင်ငံသား ၂ ဦးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးနဲ့ မလေးရှား သံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့လည်း ပါရှိပါတယ်။
အမှုဖွင့်ထားတဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ ဟာ ကန့်သတ်ပိတ်ပင်တားမြစ်ထားတဲ့ ကုန်ပစ္စည်းကို တားမြစ် ချက်မရှိဘဲ တင်ပို့တာ၊ တင်သွင်းတာ၊ ခွင့်ပြုချက်ရှိပေမယ့် သတ်မှတ်စည်းမျဉ်းတွေကို ချိုးဖောက်ရင်အရေးယူနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။