ဒရုန်းသုံးပြီး လွှတ်တော်ကို ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းသူ ၃ ဦးကို စစ်ဆေး
2017.10.27
ပြည်သူ့လွှတ်တော်ကို မောင်းသူမဲ့ လေယာဉ် Drone နဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံခြားသား ၂ ယောက် နဲ့ နိုင်ငံသားတစ်ယောက်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်က နေပြည်တော် လွှတ်တော်ဝန်းထဲကနေ မောင်းသူမဲ့ လေယာဉ် Drone ကို သုံးပြီး လွှတ်တော် အဆောက်အဦးကို ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတဲ့ မလေးရှားနိုင်ငံသူ တစ်ယောက်၊ စင်္ကာပူနိုင်ငံသား တစ်ယောက်နဲ့ သူတို့ကို စကားပြန်လုပ်ပေးနေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကို ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) နယ်မြေ ရဲစခန်း မှာ ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် နေ့လည် ၂ နာရီ လောက်မှာတော့ ဇမ္ဗူသီရိ မြို့နယ် အမှတ် (၁) နယ်မြေရဲစခန်းမှာ ပြောင်းရွှေ့ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးချက်တွေအရ နိုင်ငံခြားသားနှစ်ယောက်ဟာ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့ စင်္ကာပူရုံးခွဲက ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ တွေ့ဆုံဖို့ လွှတ်တော်ကို လာရောက်တာဖြစ် ပြီး ဒေါက်တာအေးမောင်နဲ့ မတွေ့ဖြစ်တော့ချိန်မှာ လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ် Drone သုံးပြီး ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်ချိန်မှာ အခုလို ခေါ်ယူ စစ်ဆေးခံရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ချက်အရ သိရပါတယ်။
သူတို့ကို ဒီကနေ့ ညနေ ၆ နာရီအထိ ရဲစခန်းမှာ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။