နောင်ချိုမှာ တိုက်ပွဲကြောင့်ထွက်ပြေးရသူ သုံးထောင်ကျော်အထိရှိလာ
2023.04.12

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဟိုခိုနဲ့ သံဘိုရွာအနီးမှာ ဧပြီလ ၅ ရက်ကစဖြစ်တဲ့ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ဒုက္ခသည် ဒီနေ့အထိ သုံးထောင်ကျော်လာပြီလို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲကြောင့် ဟိုခို၊ သံဘို၊ ကုန်းကြီး၊ ဟိုခဲနဲ့ ကြူအင်းရွာဒေသခံတွေဟာ နောင်ချိုနဲ့ ပြင်ဦးလွင်က ဆွေမျိုးတွေ နေအိမ်နဲ့ နီးစပ်တဲ့ရွာ ဘုန်းကြီးကျောင်းတွေဆီ ထွက်ပြေးနေကြရတာပါ။
ဧပြီ ၁၁ ရက်မနေ့ကအထိ တိုက်ပွဲဖြစ်သံတွေ ကြားနေရသလို ဟိုခိုရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ ညောင်ဝိုင်းရွာခံတွေပါ မနေ့က ထပ်မံထွက်ပြေးလာကြတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ကုန်းကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“အသံတွေက ကြားနေရတုန်းပဲ။ တိုက်ပွဲကငြိမ်မယ့်သဘော မရှိဘူး။ ရွာတွေမှာကလူတွေ လုံးဝမရှိသလောက် ဖြစ်သွားပြီ။ ရွာဘက်က အခြေအနေတွေက လုံးဝမသိရဘူးဖြစ်နေတယ်။ အကုန်လုံးပြေးနေရတာ။ အခုကျနော်တို့နေတဲ့ နေရာမှာတင် လူဦးရေငါးရာလောက်ရှိတယ်။ အားလုံးဆိုရင် ထွက်ပြေးရတဲ့သူက သုံးထောင်ကျော်ပြီဗျ။ နောက်ထပ်ပြေးလာတဲ့သူတွေ ရှိနေတုန်းပဲ”
ထွက်ပြေးလာသူအများစုဟာ နောင်ချိုနဲ့ ပြင်ဦးလွင်မြို့အကြားမှာရှိတဲ့ ရွာဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးတွေ အိမ်မှာ ခိုလှုံနေကြရပြီး ဆရာတော်တွေနဲ့ ဒေသခံတွေကပဲ အဓိကကူညီပေးနေတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူကတော့ နောင်ချိုမြို့နယ်အတွင်း သပြေညိုစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ပါ တိုက်ခိုက်ခဲ့လို့ နှစ်ဖက်အကျအဆုံး ရှိတယ်လို့ ပြောပါတယ်။
“၅ ရက်နေ့ကစပြီး ကျည်စပေါက်တယ်။ ၁၁ ရက်နေ့အထိလည်း တိုက်ပွဲဖြစ်နေတုန်းပဲ။ ၁၀ ရက်နေ့ တစ်ရက်မှာတင် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်လုပ်ခဲ့တယ်ပေါ့နော်။ ညအချိန်အထိ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒီစစ်ဆင်ရေးမှာ ကျနော်တို့ဘက်က ရဲဘော်တချို့ ထိခိုက်ကျဆုံးတာရှိတယ်။ စကစဘက်လည်း ကျဆုံးမှုများတယ်လို့ မြေပြင်သတင်းအရ သိထားရတယ်ပေါ့နော်”
ဧပြီလ ၁၀ ရက်နေ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်က ၃၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပေမယ့် ဒီအရေအတွက်အပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဧပြီလ ၅ ရက်နေ့တိုက်ပွဲမှာတော့ သံဘိုရွာခံ ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရခဲ့သလို ဟိုခိုနဲ့ သံဘိုရွာက နေအိမ်တချို့ လက်နက်ထိမှန် ပျက်စီးခဲ့ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
၂၀၂၂ ခုနှစ်၊ သြဂုတ်လကစတင်ပြီး နောင်ချိုမြို့နယ်အတွင်းက ဒိုးပင်၊ ကုလားကွဲ၊ လုံခံ စတဲ့ရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ခဲ့လို့ ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာခဲ့ရပါတယ်။