နတ်တလင်းမှာ စစ်ဘေးဒုက္ခသည် ခုနစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2023.12.27
နတ်တလင်းမှာ စစ်ဘေးဒုက္ခသည် ခုနစ်ဦး သတ်ဖြတ်ခံရ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ စစ်ဘေးဒုက္ခသည်များ၏ တဲအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ပဲခူးတိုင်း အနောက်ခြမ်းက နတ်တလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ထားတဲ့ ရုပ်အလောင်း ခုနစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

ဒီသတ်ဖြတ်မှုက ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ သတ်ဖြတ်ခံရသူတွေက နတ်တလင်းမြို့နယ် ကွေ့ကြီးရွာနဲ့ ညောင်ပင်လေးရွာ အနီးတစ်၀ိုက်က စစ်ဘေးဒုက္ခသည် အသက် ၃၀ နဲ့ ၅၀ ကြား အမျိုးသားတွေလို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို RFA က သိရှိထားပေမယ့် မိသားစုတွေရဲ့ လုံခြုံရေးကြောင့် မဖော်ပြထားပါဘူး။

နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဖမ်းမိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဖမ်းဆီးပြီး သုံးရက်အကြာမှာ သတ်ဖြတ်ခဲ့တာလို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြာရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

"သတ်ဖြတ်ခံရသူတွေက ကွေ့ကြီးနဲ့ ညောင်လေးပင်ရွာ အနီးတစ်ဝိုက်က ဒေသခံစစ်ရှောင်တွေဗျ။ မသေခင် ပိုင်းဖြတ်၊ ခုတ်ထစ်၊ နှိပ်စက်ပြီး မသေမရှင် ဒဏ်ရာတွေနဲ့ မီးရှို့သတ်ဖြတ်တယ်လို့ အလောင်းမှာ အဲဒီလို ပုံစံတွေ တွေ့ရတယ်"

စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ နတ်တလင်းမြို့နယ် ပဲခူးရိုးမပေါ်မှာရှိတဲ့ ရစ်ကွင်း၊ သရက်ချောင်း၊ သဖန်းချောင်း၊ ညောင်လေးပင်နဲ့ ကွေ့ကြီးရွာတွေကို စစ်ကြောင်းထိုး၊ မီးရှို့တာတွေ လုပ်ခဲ့တာလို့ သူက ဆိုပါတယ်။

စစ်ကြောင်းဝင်ရောက်စဉ် ညောင်လေးပင်ရွာက နေအိမ် ၂၄ လုံး၊ ကွေ့ကြီးရွာက နေအိမ် ၁၆လုံး၊ သဖန်းချောင်း ရွာက နေအိမ် ၄၀ ခန့်နဲ့ တောထဲက စစ်ဘေးဒုက္ခသည်တွေရဲ့ တဲအိမ် ၃၀ ကျော် စုစုပေါင်း နေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသအနီးတစ်၀ိုက်မှာ အခုဒီဇင်ဘာလထဲမှာပဲ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်လာတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ၁၉ လအတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၄၄၀ ကျော် ရှိတယ်လို့ ဗြိတိန်အခြေစိုက် လွတ်လပ်တဲ့ သတင်းအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ Centre for Information Resilience (CIR) က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ် ရှစ်သောင်းနီးပါး (၇၇,၂၇၄ လုံး) မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။