နွားထိုးကြီးမြို့က စစ်ကောင်စီရုံးတွေ တိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ
2023.03.14
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ လျှပ်စစ်မန်နေဂျာရုံးကို မတ်လ ၁၃ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ဝန်ထမ်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နွားထိုးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရမှုမှာ အဲ့ဒီရုံးက အသက် ၃၂ နှစ်အရွယ် ဝန်ထမ်းအမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လျှပ်စစ်မန်နေဂျာရုံး တိုက်ခိုက်ခံရမှုမှာလည်း ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ နွားထိုးကြီးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထွေအုပ်ရုံးထဲ ဗုံးကျတာတော့ ဝန်ထမ်းက သေသွားတယ်။ နောက်တစ်ခါ မြို့နယ် လျှပ်စစ်ရုံးက ဝန်ထမ်းတစ်ဦးလည်း ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ နွားထိုးကြီးဆေးရုံကနေ မန္တလေး ဆေးရုံကို ပို့လိုက်ပြီ”
စစ်ကောင်စီကလည်း နွားထိုးကြီးမြို့၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေကို ဒရုန်းနဲ့ ဗုံးခြောက်လုံးအထိ ကြဲချခဲ့တာကြောင့် ရုံးဝန်ထမ်းတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မတ်လ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဖြစ်တဲ့ မြင်းခြံခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၃ နဲ့ တပ်ရင်း ၄ တို့က ပူးပေါင်းလုပ်ခဲ့တာလို့ မြင်းခြံခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့တာဝန်ခံက RFA ကို ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း တိုက်ခိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတယ် လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှာပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ က အာဏာသိမ်းပြီးနောက်ပိုင်း PDF တွေက တိုက်ခိုက်တာကြောင့် အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စုစုပေါင်း သေဆုံးသူ ၅၄၄၃ ဦးရှိပြီး ဒဏ်ရာရသူ ၄၅၇၇ ဦး ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။